စန္ဒကူး ခိုးထုတ်သူ လူ ၂၀ ကို အိန္ဒိယ ရဲက ပစ်သတ်

စန္ဒကူးပင် ခိုးထုတ်သူတွေက အရင် တိုက်ခိုက် ခဲ့တဲ့ အတွက် ပြန်လည် ပစ်ခတ် ရတာလို့ ရဲက ဆို။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, စန္ဒကူးပင် ခိုးထုတ်သူတွေက အရင် တိုက်ခိုက် ခဲ့တဲ့ အတွက် ပြန်လည် ပစ်ခတ် ရတာလို့ ရဲက ဆို။

အိန္ဒိယ နိုင်ငံ တောင်ပိုင်း၊ အန်ဒရာ ပရာဒက်ရှ် ပြည်နယ်မှာ စန္ဒကူးပင်တွေ ခိုးထုတ်တယ်လို့ သံသယရှိသူ အနည်းဆုံး လူ အယောက် ၂၀ ကို ရဲတပ်ဖွဲ့က ပစ်ခတ် သတ်ဖြတ် လိုက်တယ်လို့ သိရပါတယ်။

ချောင်ကျပြီး တောနက်တဲ့ ဒေသမှာ စန္ဒကူးပင် ခိုးထုတ်သူတွေက ပုဆိန်တွေ၊ ကျောက်ခဲတွေနဲ့ ပစ်ခတ် တိုက်ခိုက် ခဲ့တဲ့ အတွက် ပြန်လည် ပစ်ခတ် ခဲ့ရတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဒါပေမယ့် အန်ဒရာ ပရာဒက်ရှ် ပြည်နယ်နဲ့ ကပ်လျက် တမီလ် နာဒူး ပြည်နယ်က နိုင်ငံရေးသမားတွေ ကတော့ အခုလို ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ် သတ်ဖြတ်မှုဟာ ကျိုးကြောင်း ခိုင်လုံမှု မရှိဘူးလို့ စွပ်စွဲကြ ပါတယ်။

ဒီဖြစ်ရပ်ကို စုံစမ်း စစ်ဆေးဖို့လည်း သူတို့က တောင်းဆို ထားပါတယ်။

အိန္ဒိယ နိုင်ငံမှာ စန္ဒကူးပင်ကို ရှားပါး မျိုးစိတ် အဖြစ် လွန်ခဲ့တဲ့ ၁၅ နှစ်က သတ်မှတ် ခဲ့ပြီးနောက် စန္ဒကူး ရောင်းဝယ်မှုကို တားမြစ် ထားခဲ့တာ ဖြစ်ပါတယ်။