သီလရှင် အဓမ္မကျင့် ခံရမှု၊ မိုဒီ စိုးရိမ်ကြောင်း ပြော

ဓာတ်ပုံ ရင်းမြစ်, Reuters
အိန္ဒိယ နိုင်ငံမှာ ခရစ်ယာန် သီလရှင် တစ်ဦး တိုက်ခိုက် ခံရမှုနဲ့ ခရစ်ယာန် ဘုရားကျောင်း တစ်ခု ဖျက်ဆီး ခံရမှု တို့အတွက် စိုးရိမ် ပူပန်ကြောင်းနဲ့ တရားခံတွေကို ချက်ချင်း အရေးယူဖို့ တောင်းဆိုကြောင်း ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ပြောကြား ခဲ့ပါတယ်။
အနောက် ဘန်ဂေါလ် ပြည်နယ်မှာ ပြီးခဲ့တဲ့ စနေနေ့က ခရစ်ယာန် သီလရှင်ကျောင်း တိုက်ခိုက် ခံခဲ့ရပြီး ၇၄ နှစ် အရွယ် ခရစ်ယာန် သီလရှင် တစ်ဦး အုပ်စုဖွဲ့ အဓမ္မကျင့် ခံခဲ့ရမှုဟာ တစ်နိုင်ငံလုံးကို ဒေါသ ထွက်စေ ခဲ့ပါတယ်။
တစ်ခါ ဟာယာနာ ပြည်နယ်က ကက်သလစ် ဘုရားကျောင်း တစ်ကျောင်းလည်း ဖျက်ဆီး ခံခဲ့ရပါတယ်။
ဝေဖန်သူတွေ ကတော့ မိုဒီရဲ့ အစိုးရဟာ ဟိန္ဒူ အယူစွဲ ပြင်းထန်သူတွေကို ထိရောက်တဲ့ တားဆီးမှုတွေ မလုပ်ဘူးလို့ ပြောကြပါတယ်။
အခု ပေါ်ပေါက်ခဲ့တဲ့ အဓမ္မ ပြုကျင့်မှုနဲ့ ဘုရားကျောင်း တိုက်ခိုက်မှုတွေကြောင့် အိန္ဒိယမှာ ရှိတဲ့ ခရစ်ယာန် ဘာသာဝင်တွေ အဖို့ လုံခြုံရေး စိတ်မချနိုင်တဲ့ စိုးရိမ်မှုတွေကို တိုးမြှင့် လာစေတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။




