လူအုပ်နဲ့ သတ်ဖြတ်မှု ၄၂ ဦးကို အိန္ဒိယ စွဲချက်တင်

ဓာတ်ပုံ ရင်းမြစ်, AP
အိန္ဒိယ နိုင်ငံ အရှေ့မြောက်ပိုင်း နာဂ ပြည်နယ်မှာ မုဒိမ်းမှုနဲ့ အကျဉ်းကျနေသူ တစ်ဦးကို လူအုပ်နဲ့ ဝိုင်းဝန်း သတ်ဖြတ်ခဲ့မှု အတွက် လူပေါင်း ၄၂ ဦးကို စွဲချက်တင် လိုက်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဆူပူအုံကြွမှု၊ မီးရှို့မှု၊ ဥပဒေမဲ့ ဖမ်းဆီးမှုတွေနဲ့ အဲဒီ လူတွေကို စွဲဆိုထားပြီး သတ်ဖြတ်မှုမှာ ပါဝင်သူတွေ ကိုတော့ တခြား စွဲချက်တွေ ထပ်တိုး သွားမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
Syed Sharif Khan လို့ ခေါ်တဲ့ အကျဉ်းသားကို ဒီမပူရ်မြို့ အကျဉ်းထောင်ကနေ လူအုပ်ကြီးက ဆွဲထုတ် သွားပြီး ဝိုင်းဝန်း သတ်ဖြတ် ခဲ့ကြတာ ဖြစ်ပါတယ်။
အကျဉ်းသားကို ထောင်ကနေ ထုတ်ယူရာမှာ အရာရှိ တချို့က လူအုပ်ကို လိုက်လျောခဲ့တယ်လို့ ဆိုတဲ့ သတင်းတွေလည်း ရရှိပါတယ်။
ဒီမပူရ်မြို့မှာ ကာဖျူး အမိန့် ထုတ်ထားပြီး ရာနဲ့ ချီတဲ့ ရဲတွေက လမ်းတွေပေါ်မှာ လှည့်လည် စောင့်ကြပ် နေတယ်လို့ ဆိုပါတယ်။




