မုဒိမ်းသမား အင်တာဗျူးအတွက် ဘီဘီစီကို အိန္ဒိယ ခြိမ်းခြောက်

ဓာတ်ပုံ ရင်းမြစ်, epa
အိန္ဒိယ နိုင်ငံမှာ မုဒိမ်းမှုနဲ့ သေဒဏ်ချ ခံထားရသူ တစ်ဦးကို အင်တာဗျူး ထားတဲ့ ရုပ်သံ မှတ်တမ်း တစ်ခုကို ဘီဘီစီ အနေနဲ့ ထုတ်လွှင့် မပြသ သင့်ဘူးလို့ အိန္ဒိယ ပြည်ထဲရေး ဝန်ကြီး Rajnath Singh က ပြောလိုက်ပြီး နောက်ထပ် အရေးယူ ဆောင်ရွက်မှုတွေ လုပ်သွားဖို့ ရှိတယ်လို့ သူက ခြိမ်းခြောက် ပြောဆို လိုက်ပါတယ်။
ရုပ်သံ မှတ်တမ်းထဲမှာ အင်တာဗျူး ခံထားတဲ့ မူကက်ရှ် ဆင်း ဆိုသူဟာ ဒေလီမြို့ မှာ ဂိုဏ်းဖွဲ့ မုဒိမ်းကျင့်မှု အတွင်း ပါဝင်ခဲ့မှုနဲ့ သေဒဏ် အပြစ်ပေး ခံထားရတာ ဖြစ်ပါတယ်။
အဲဒီ အင်တာဗျူးမှာ မူကက်ရှ် ဆင်းက နောင်တ ရတဲ့ပုံ လုံးဝ မပြခဲ့တဲ့ အပြင် မုဒိမ်း ကျင့်ခံရသူ အပေါ် ဝေဖန် ပြောဆို သွားပါတယ်။
ဗုဒ္ဓဟူးနေ့က ယူကေ နိုင်ငံမှာ ထုတ်လွှင့် ပြသ သွားခဲ့တဲ့ အဲဒီ ရုပ်သံ မှတ်တမ်းကို ရိုက်ကူးခဲ့သူ Leslee Udwin ကတော့ သူ့မှတ်တမ်း အစီအစဉ် အပေါ် ကာကွယ် ပြောဆို သွားပါတယ်။
အိန္ဒိယ နိုင်ငံမှာတော့ အဲဒီ အစီအစဉ်ကို မပြဖို့ အာဏာပိုင်တွေက ပိတ်ပင်ခဲ့ပါတယ်။
အဲဒီ ရုပ်မြင် မှတ်တမ်းပါ အင်တာဗျူးနဲ့ ပတ်သက်လို့ရော၊ ဒီအစီအစဉ် ပြသခွင့် ပိတ်ပင်ခဲ့တာနဲ့ ပတ်သက်လို့ပါ အချေအတင် အငြင်းပွားမှုတွေ ပေါ်ပေါက်ခဲ့ရပါတယ်။




