ပြုံယမ်းတက္ကသိုလ် အကြောင်း စာအုပ်ထုတ်ဝေ

ဓာတ်ပုံ ရင်းမြစ်, Reuters
မြောက်ကိုရီးယား နိုင်ငံ ပြုံယမ်း တက္ကသိုလ်မှာ ၆ လကြာ စာသင်ဖို့ ရောက်ရှိခဲ့တဲ့ ဆရာမ တယောက်က သူ့အတွေ့အကြုံတွေကို စာအုပ်ရေးသား ထုတ်ဝေခဲ့ပါတယ်။
တောင်ကိုရီးယားမှာ မွေးပြီး အမေရိကန်မှာ ကြီးတဲ့ စာရေးဆရာမ Suki Kim ဟာ မြောက်ကိုရီးယား ထိပ်သီးတို့ရဲ့ သားများနဲ့ နေထိုင်ခြင်း ဆိုတဲ့ စာအုပ်ကို ရေးဖို့ ပြုံယမ်း သိပ္ပံ နည်းပညာ တက္ကသိုလ်မှာ အင်္ဂလိပ် စာ ဆရာမ အဖြစ် သွားလုပ် ခဲ့တာပါ။
သတင်းစာဆရာတွေ သွားသလို သွားရင် သူတို့ ဝါဒဖြန့်တာတွေပဲ တွေ့ရမှာမို့ မြောက်ကိုရီးယား အတွေ့အကြုံ စစ်စစ် ရဖို့ ဒီလို လျှို့ဝှက် သွားခဲ့တာလို့ သူက ပြောပါတယ်။
ဆူကီကင်း သွားခဲ့တဲ့ ကျောင်းက မြောက်ကိုရီးယားက လူကြီး သားတွေ ပညာသင်တဲ့ ကျောင်းမို့ လုံခြုံရေး အထူး တင်းကျပ်ပါတယ်။
ဆရာ ဆရာမတွေကော၊ ကျောင်းသား တွေကော အပြင် လုံးဝ ထွက်ခွင့် မရှိပါဘူး။
နောက်ပြီး သူတို့ကို ၂၄ နာရီလုံး စောင့်ကြည့် ထိန်းချုပ်ထားတဲ့ အကျဉ်းထောင် ပုံစံ စာသင်ကျောင်းကြီး ဖြစ်ပါတယ်။
စာသင်စရာ ရှိတာတွေကို အရင် စိစစ်ပြီးမှ သင်ရတယ်၊ သင်တာ တွေကိုလည်း မှတ်တမ်း တင်တယ်လို့ သိရပါတယ်။
ဒီကျောင်းမှာ တွေ့ရတဲ့ ၁၉ နှစ်သား လူငယ်တွေမှာ အကြောက်တရား က ဖိစီးနေတာကို ရင်ကွဲစရာ တွေ့ခဲ့ရတယ် လို့ ဆူကီကင်း က ပြောပါတယ်။
သူတို့ ဘဝ တွေကို လေ့လာပြီး လျှို့ဝှက် မှတ်တမ်းတွေ ခိုးရေးခဲ့တဲ့ ဆူကီကင်းက မမ်မိုရီ စတစ်နဲ့ စာတွေကို ခိုးထုတ်လာခဲ့တာပါ။
သူအမှတ်တရ ပြောပြတာ တခုကတော့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီး ကွယ်လွန်ချိန်က ကျောင်းမှာ ကြုံတွေ့ ခဲ့ရ တာတွေပါ။
ကျောင်းသားတွေကို ဟယ်ရီ ပေါ်တာ ရုပ်ရှင် ပြပြီး သူတို့ နဲ့ ဆွေးနွေးနေတုန်း ဒီသတင်းကြားရတာလို့ ဆူကီကင်းက ပြောပါတယ်။
ဒီသတင်းကို ကြားလိုက်ရတဲ့ ကျောင်းသားတွေ အဖို့ မိုးကောင်းကင် ပြိုကျ သလို သွေးပျက် ခြောက်ခြား ခံစားကြရတယ်လို့ သူက ပြောပါတယ်။
ကင်ဂျုံအီးဟာ သူတို့ အတွက် နတ်ဘုရားလို၊ ဖခင်လို ခေါင်းဆောင်မျိုးလို့ ဒီကျောင်းသား တွေက ခံယူထားကြတာပါ။
ဒီကျောင်းသား တွေနဲ့ သူနဲ့ ရင်းရင်းနှီးနှီး နေခဲ့ကြရပေမယ့် ခုချိန်မှာ ဆူကီကင်း မြောက်ကိုရီးယားကို ပြန်သွားဖို့ မဖြစ်နိုင်တော့ပါဘူး။
မြောက်ကိုရီးယား အကြောင်း လျှို့ဝှက် မှတ်တမ်းရေးသား ခဲ့သူ တယောက် အဖို့ ဒီနေရာ ပြန်သွားဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
ဒီနိုင်ငံဟာ ပြည်သူတွေကို ကျေးကျွန်လို ညှဉ်းပန်း ရက်စက်တဲ့ နိုင်ငံတခု ဖြစ်တယ်လို့ ဆူကီကင်းက မြောက်ကိုရီးယား အပေါ် သူ့အမြင်ကို ပြောကြား သွားခဲ့ပါတယ်။








