The Interview ရုပ်ရှင် ဒီဗီဒီချပ်တွေ ရန်ကုန်မှာ လိုက်လံ ဖမ်းဆီးနေကြောင်း သတင်း ထွက်ပေါ်

ဓာတ်ပုံ ရင်းမြစ်, AFP
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျွန်အန် ကို လုပ်ကြံဖို့ ကြိုးစားတယ် ဆိုပြီး ဟာသလုပ် ရိုက်ကူး တဲ့ The Interview ဆိုတဲ့ ရုပ်ရှင် ရဲ့ ဒီဗီဒီချပ် တွေကို ရန်ကုန် မှာ လိုက်လံ ဖမ်းဆီး နေကြောင်း သတင်း တွေ ထွက်ပေါ် ခဲ့ပါတယ်။
မြောက်ကိုရီးယား သံရုံး ကနေ ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့ တုန်းက ရန်ကုန်တိုင်း အစိုးရ နဲ့ တွေ့ဆုံပြီး The Interview ရုပ်ရှင် ဒီဗီဒီချပ် တွေကို မဖြန့်ဖြူး နိုင်အောင် တားဆီး ပေးဖို့ ဆွေးနွေးပြီး စာနဲ့ မေတ္တာ ရပ်ခံတယ် လို့ ဧရာဝတီ သတင်းဌာန က ဆိုပါတယ်။
The Interview ဆိုတဲ့ ဒီဗီဒီတွေ ကို ရှာဖွေ ဖမ်းဆီးမှု တွေ မြို့ထဲ မှာ ကြားနေရတဲ့ အကြောင်း လှည်းတန်းက ဒီဗီဒီ အရောင်းသမား တစ်ယောက် က ဘီဘီစီ ကို ပြောပြ ပါတယ်။ ဒီဗီဒီချပ် တွေ ဖြန့်ချီ တဲ့ ဗိုလ်တထောင်နဲ့ လသာမြို့နယ် ကိုလည်း တနင်္လာနေ့ တုန်းက ရဲကနေ ဝင်ရောက် ရှာဖွေ စီးနင်းမှု တွေ လုပ်ခဲ့ပါတယ်။
ရန်ကုန်တိုင်း အစိုးရ အဖွဲ့ လုံခြုံရေး ဆိုင်ရာ ဝန်ကြီး ဦးတင်ဝင်း ကတော့ လုပ်ရိုး လုပ်စဉ် ခိုးကူး ခွေတွေကို ရှာတာ ဖြစ်ပြီး The Interview ရုပ်ရှင် နဲ့ ပတ်သက်လို့ သီးခြား ညွှန်ကြားချက် ရရှိ မထားဘူး လို့ ပြောပါတယ်။
အခုလို မြန်မာ အာဏာပိုင် တွေ ဘက်က ငြင်းဆိုပေမယ့် ဒီဗီဒီသမား တွေရဲ့ ပြောကြား ချက် အပါအဝင် မြောက်ကိုရီးယား အစိုးရ ကလည်း ဒီရုပ်ရှင် ကို တရားဝင် ကန့်ကွက်မှု ရှိတော့ ဒါဟာ တိုက်ဆိုင်မှု လို့ မပြော နိုင်ကြောင်း ဝေဖန် နေကြပါတယ်။




