မြောက်ကိုးရီးယား အင်တာနက်လိုင်း ပြတ်တောက်

ဓာတ်ပုံ ရင်းမြစ်, BBC World Service
မြောက်ကိုးရီးယား နိုင်ငံ နဲ့ အမေရိကန် ပြည်ထောင်စု အကြားမှာ ဆိုနီ ကုမ္ပဏီ မှ ဖြန့်ချီတဲ့ The Interview ရုပ်ရှင်နဲ့ ပတ်သက်ပြီး အငြင်းပွားရာ က ဆိုက်ဘာ တိုက်ခိုက်မှု ခံရ အပြီးမှာ စနေနေ့ က မြောက်ကိုးရီးယားမှ အင်တာနက် နဲ့ သရီးဂျီ မိုဘိုင်း ကွန်ယက် လိုင်းပါ ၂ နာရီ ခန့် ပြတ်သွားတဲ့ အကြောင်း ဘီဘီစီ သတင်းထောက် Charles Scanlon ကပေးပို့လိုက်ပါတယ်။
ဒီသတင်း ကို တရုတ်သတင်းအေဂျင်စီ ဆင်ဟွာ မှာ ဖေါ်ပြထားတာ ဖြစ်ပြီး ဘယ်သူ့ လက်ချက်မှန်း မသိရသေးပါဘူး။ ဒါပေမဲ့ ရက်ပိုင်း အတွင်းမှာ ဒုတိယ အကြိမ်၊ မြောက်ကိုးရီးယား အင်တာနက်လိုင်း ပြုတ်ကျအောင် လုပ်ချလိုက်တာပါ။
ဒါပေမဲ့ နှစ်နိုင်ငံ စလုံး ကတော့ တဖက်နဲ့ တဖက် လွှဲချနေပါတယ်။ ဒီကြားထဲမှာ သမ္မတ အိုဘားမား ကနေ ၊ ခြိမ်းခြောက်ခံရတာနဲ့ဘဲ The Interview ရုပ်ရှင် ကို မပြဘူး ဆိုရင် လွတ်လပ်စွာ ထုတ်ဖေါ် ပြောဆိုခွင့် ကို ထိခိုက်တယ် လို့ ဆိုနီ ကုမ္ပဏီ ကို ဝေဖန် လိုက်တဲ့ အတွက် ခရစ္စမတ် နေ့ က ဒီရုပ်ရှင် ကို ဖြန့်ချီလိုက်ပါတယ်။
မြောက်ကိုးရီးယား ကလည်း ရင့်ရင့်သီးသီး ပဲ တုံ့ပြန်လိုက်ပါတယ်။ သူတို့ခေါင်းဆောင် ကို လုပ်ကြံဖို့ ဇာတ်လမ်း ဆင်ထားတာ ကို သမ္မတ အိုဘားမား ကနေ ၊ ပြသဖို့ အားပေး အားမြှောက် ပြုရပါ့မလား ဆိုပြီး ဘရမ်းဘတာ နိုင်တဲ့ မျောက် လို့ တင်စား လိုက်ပါတယ်။
အမေရိကန် ကွန်ဂရက် အမတ် ဘရက်ရှာမန် က သူတို့ အနေနဲ့ မြောက်ကိုးရီးယား က ဆိုနီ ရုပ်ရှင်ကုမ္ပဏီ ကို ခြိမ်းခြောက် တိုက်ခိုက်မှု ပြုတာကို လျစ်လျူ ရှုလို့ မဖြစ်ပါဘူး။ ဒါဟာ စီးပွားရေး ကို တိုက်ခိုက်တာနဲ့ လည်း တူပါတယ်၊ အမေရိကန် ရဲ့ အခြေခံဥပဒေ ပြဌာန်းချက် ဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖေါ် ပြောဆိုခွင့် ကိုလည်း တိုက်ခိုက်တာနဲ့ အတူတူပဲ လို့ ပြောယင်း သမ္မတ အိုဘားမား ကို ထောက်ခံမှု ပြုလိုက်ပါတယ်။




