လေကြောင်းတိုက်မှု အမြန်ရပ်ဖို့ ယီမင် တိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, epa
ယီမင် နိုင်ငံမှာ ဟွတ်သီ သူပုန်တွေကို တိုက်ခိုက်နေတဲ့ ဆော်ဒီ အာရေဗျ ဦးဆောင်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို အမြန်ဆုံး ရပ်တန့် သင့်တယ်လို့ ယီမင် နိုင်ငံခြားရေး ဝန်ကြီးက ပြောလိုက်ပါတယ်။
ဟွတ်သီ သူပုန်တွေရဲ့ ရှေ့တိုး စစ်ဆင်မှုတွေကို တားဆီးနိုင်ပြီ ဆိုတာနဲ့ ရက်ပိုင်း ဒါမှမဟုတ် နာရီပိုင်းအတွင်း ဗုံးကြဲ တိုက်ခိုက်မှုတွေကို ရပ်ဆိုင်း သင့်တယ်လို့ ယီမင် နိုင်ငံခြားရေး ဝန်ကြီးက ဘီဘီစီကို ပြောပါတယ်။
ကြာသပတေးနေ့ ညက လေကြောင်း တိုက်ခိုက်မှုတွေမှာ ယီမင် နိုင်ငံ မြောက်ပိုင်းနဲ့ ဆာနား မြို့တော်မှာ ရှိတဲ့ ဟွတ်သီ စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့ပါတယ်။
ဟွတ်သီ သူပုန် ခေါင်းဆောင် တစ်ဦးကတော့ အခုလို မတရားတဲ့ ကျူးကျော် တိုက်ခိုက်မှုကို လက်မြှောက် အရှုံးပေးမှာ မဟုတ်ကြောင်း ပြောပါတယ်။
ရှီးယား မွတ်ဆလင် ဟွတ်သီ သူပုန်တွေကို ထောက်ပံ့ ပေးနေတယ်လို့ ယီမင် အစိုးရက စွပ်စွဲတဲ့ ရှီးယား အင်အားကြီး အီရန် ကလည်း ဒီ လေကြောင်း တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့နဲ့ ဆွေးနွေး ညှိနှိုင်း အဖြေရှာကြဖို့ ပြောပါတယ်။
ဆွန်နီတွေ ကြီးစိုးတဲ့ ဆော်ဒီအာရေဗျ ကတော့ ယီမင် နိုင်ငံအတွင်း တရားဝင် အစိုးရကို ကာကွယ်ဖို့ အတွက် ဘာမဆို ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။




