ယီမင် သူပုန်တွေကို ဆော်ဒီ လေကြောင်း တိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, AFP
ဆော်ဒီ အာရေဗျ နိုင်ငံက ဦးဆောင်တဲ့ အာရပ် နိုင်ငံများ ပူးပေါင်း အဖွဲ့က စစ်လေယာဉ် တွေက ယီမင် နိုင်ငံမှာ ရှိတဲ့ ရှီးယား မွတ်ဆလင် ဟွတ်သီ သူပုန်တွေကို လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ် ခဲ့ပါတယ်။
ဆာနား မြို့တော်မှာ ရှိတဲ့ ဟွတ်သီ သူပုန်တွေရဲ့ ကွပ်ကဲရေး ဌာနတွေအပြင် ဒုံးပစ်စင် တွေနဲ့ တိုက်လေယာဉ် တွေကို ဦးတည် တိုက်ခိုက် ခဲ့တယ်လို့ ဆော်ဒီ အာရေဗျ နိုင်ငံက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့ကတော့ ယီမင် သမ္မတ မစ္စတာ ဟာဒီ ခြေကုပ် ယူထားတဲ့ အေဒင်မြို့ကို ဟွတ်သီ သူပုန်တွေ ချဉ်းကပ် လာနိုင်တဲ့ အတွက် လျှို့ဝှက် နေရာ တစ်ခုကို မစ္စတာ ဟာဒီ တိမ်းရှောင် ခဲ့ရပါတယ်။
ဟွတ်သီ သူပုန် အရာရှိ တစ်ဦးကတော့ အာရပ် နိုင်ငံတွေရဲ့ တိုက်ခိုက်မှုဟာ ပိုမို ကျယ်ပြန့်တဲ့ စစ်ပွဲ အတွက် ရန်စ လိုက်တာပဲလို့ သတိပေး ပြောဆို ခဲ့ပါတယ်။
လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား တချို့လည်း သေဆုံး ခဲ့တယ်လို့ ယီမင် ကျန်းမာရေး ဝန်ကြီးက ပြောပါတယ်။
ယီမင်မှာ ရှိတဲ့ ဟွတ်သီ သူပုန်တွေကို ရှီးယားတွေ ကြီးစိုးတဲ့ အီရန်က ထောက်ပံ့ ပေးနေတယ်လို့ ဆွန်နီတွေ ကြီးစိုးတဲ့ ဆော်ဒီ အာရေဗျနဲ့ အာရပ် ပင်လယ်ကွေ့ နိုင်ငံတွေက အချိန် အတော်ကြာ ကတည်းက စွပ်စွဲ ပြောဆို နေခဲ့ပါတယ်။
ယီမင် နိုင်ငံကို ဟွတ်သီ သူပုန်တွေ အပြည့်အဝ ထိန်းချုပ် လိုက်နိုင်မယ် ဆိုရင် သူတို့ နိုင်ငံတွေရဲ့ လုံခြုံရေးကို တိုက်ရိုက် ခြိမ်းခြောက် လာနိုင်တယ်လို့ ဆော်ဒီ ဦးဆောင်တဲ့ အာရပ် နိုင်ငံတွေက ပြောကြပါတယ်။




