အီရန်ရဲ့နျူကလီလက်နက်ရည်မှန်းချက်ကို အမေရိကန် မဟန့်တားတော့ဘူးလို့ အစ္စရေး ပြော

ဓာတ်ပုံ ရင်းမြစ်, EPA
နျူကလီယာ လက်နက် ပိုင်ဆိုင် ရေး အတွက် အီရန် နိုင်ငံ ကြိုးစား နေမှု ကို ရပ်တန့် နိုင်ဖို့ အမေရိကန် အပါအဝင် တခြား အင်အားကြီး ကမ္ဘာ့နိုင်ငံ တွေ ဆက်လက် မလုပ်ဆောင် တော့ဘူး ဆိုပြီး အစ္စရေး ဝန်ကြီးချုပ် ဘဲန်ဂျမင် နာတန်ယာဟု က စွပ်စွဲ လိုက်ပါတယ်။
ဒီ အခြေအနေ ကို သူ့ အနေနဲ့ လက်သင့်ခံ မှာ မဟုတ်ဘူး လို့ လည်း ဝန်ကြီးချုပ် နာတန်ယာဟု က သူ့ အပေါ် ထောက်ခံသူ တွေ ကို ပြောခဲ့တဲ့ မိန့်ခွန်း ထဲ ထည့်သွင်း ပြောကြား ခဲ့ပါတယ်။
အမေရိကန် အတိုက်အခံ ပါတီ ရီပတ်ဘလေကဲန် တွေ ရဲ့ ဖိတ်ခေါ်မှု နဲ့ အစ္စရေး ဝန်ကြီးချုပ် ဟာ အမေရိကန် ကွန်ဂရက်စ် လွှတ်တော် မှာ လာပြီး စကားပြောမယ့် အစီအစဉ် အပေါ် သမ္မတ အိုဘားမား အစိုးရ နဲ့ မကျေမလည် ဖြစ်လာခဲ့ပြီး နောက်၊ ဝန်ကြီးချုပ် နာတန်ယာဟု က အခုလို အီရန် ရဲ့ နျူကလီယာ အရေး နဲ့ ပတ်သက်ပြီး သမ္မတ အိုဘားမား အစိုးရ ကို ဝေဖန် လိုက်တာ ဖြစ်ပါတယ်။
အီရန် နိုင်ငံ နဲ့ ဆွေးနွေး ညှိနှိုင်း နေကြတာ တွေ အပေါ် မစ္စတာ နာတန်ယာဟု ရဲ့ သုံးသပ်ချက် ဟာ မှန်ကန်မှု မရှိဘူး ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ပြောပါတယ်။
သမ္မတ အိုဘားမား အစိုးရ ရဲ့ အဓိက ရည်မှန်းချက် တစ်ခု ဖြစ်တဲ့ အီရန် နဲ့ သဘောတူ မှု ရရှိ လာရေးကို လမ်းကြောင်း လွဲချော်အောင် မစ္စတာ နာတန်ယာဟု က ကြိုးစား နေတယ် လို့ အမေရိကန် အာဏာပိုင် တွေ က ယူဆ ထားကြတယ် ဆိုပြီး သတင်းထောက် တွေ က သုံးသပ် နေကြ ပါတယ်။




