အီရန် နျူကလီယာ အရေး သဘောတူမှု မရသေး

ဓာတ်ပုံ ရင်းမြစ်, EPA
အီရန်ရဲ့ နျူကလီယာ အစီအစဉ် နဲ့ ပတ်သက်ပြီး နိုင်ငံတကာ နဲ့ အီရန်တို့ အကြား ဆွေးနွေး နေကြတာမှာ၊ တနင်္လာနေ့ နောက်ဆုံးထားပြီး သဘော တူညီမှု တစုံတရာ ရလာဖို့ သတ်မှတ် ထားခဲ့ပေမယ့်၊ အခုတော့ နောက်ဆုံးရက် ကို ရွှေ့ဆိုင်း တိုးမြှင့်ဖို့ အီရန် အနေနဲ့ စဉ်းစားပါ ဆိုပြီး အမေရိကန်က ပြောလိုက်ပါတယ်။
ဗီယာနာမြို့ မှာ ပြုလုပ် နေတဲ့ ညှိနှိုင်း ဆွေးနွေးပွဲ အတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက အီရန် နိုင်ငံခြားရေး ဝန်ကြီး ဂျာဗတ် ဇာရစ်ဖ် ကို အခုလို ပြောကြားခဲ့တာ ဖြစ်တယ်လို့ အမေရိကန် အာဏာပိုင် တွေက ဆိုပါတယ်။
သဘော တူညီမှု ရရှိ နိုင်ဖို့ အခြေအနေ နဲ့ ပတ်သက်ပြီး အစောပိုင်း တုန်းကတော့ သတင်းတွေ အမျိုးမျိုး ထွက်ခဲ့ ပါသေးတယ်။ နိုင်ငံရေး သဘော တူညီမှု တစိတ်တပိုင်း ရရှိဖို့ နီးစပ် လာပြီလို့ အီရန် ဘက်က ပြောခဲ့ပေမယ့်၊ အမေရိကန် ကတော့ ဒီ သတင်း အပေါ် ငြင်းပယ် ခဲ့ပါတယ်။
တကယ်လို့ အီရန်ရဲ့ နျူကလီယာ ရည်မှန်းချက် နဲ့ လုပ်နိုင် စွမ်းရည် အပေါ် တကယ် စမ်းစစ် အကဲဖြတ်နိုင် တဲ့ သဘောတူမှုသာ ရှိလာရင်၊ အမေရိကန် ပြည်သူတွေနဲ့ ကွန်ဂရက်စ် လွှတ်တော် ကပါ ဒီ သဘောတူမှု ကို လက်ခံ လာအောင်၊ သူ့ အနေနဲ့ စည်းရုံးနိုင်ဖို့ ယုံကြည်မှု အပြည့်ရှိကြောင်း အမေရိကန် သမ္မတ အိုဘားမား က ပြောထားပါတယ်။




