ယူကရိန်း ဆန္ဒပြသူတွေကို ပစ်သတ်တဲ့ အဖွဲ့ကို ရုရှား ညွှန်ကြားတယ်လို့ ယူကရိန်းသမ္မတ စွပ်စွဲ

ဓာတ်ပုံ ရင်းမြစ်, AFP
ယူကရိန်း နိုင်ငံ ကိယက်ဗ် မြို့တော် မှာ လွန်ခဲ့တဲ့ တနှစ် က ဖြစ်ခဲ့ တဲ့ ဆန္ဒပြ မှု အတွင်း ဆန္ဒပြသူ တွေ ကို ပစ်သတ် ခဲ့တဲ့ လက်ဖြောင့် တပ်သား အုပ်စု ကို ရုရှား ထိပ်တန်း အရာရှိ တစ်ဦး က ညွှန်ကြား ခဲ့တာ ဖြစ်တယ် ဆိုပြီး ယူကရိန်း သမ္မတ ပက်ထရို ပိုရိုရှဲန်ကို က စွပ်စွဲ ပြောကြား ခဲ့ပါတယ်။
အဲဒီ့ ညွှန်ကြား ခဲ့သူ ဟာ ရုရှား သမ္မတ ရဲ့ အကြံပေး ဗလာ ဒစ္စလတ်ဖ် ဆူအာကော့ဖ် ဖြစ်တယ် လို့ မစ္စတာ ပိုရိုရှဲန်ကို က ပြောပါတယ်။
ဒါဟာ အဓိပ္ပာယ် မရှိတဲ့ စွပ်စွဲမှု တစ်ရပ်ပဲ လို့ ရုရှား နိုင်ငံခြားရေး ဌာနရဲ့ ပြောခွင့်ရ က တုန့်ပြန် ထားပါတယ်။
ယူကရိန်း နိုင်ငံ မှာ ပြုတ်ကျ သွားခဲ့တဲ့ အရင် သမ္မတ ဗစ်တာ ယနုကိုဗစ်ချ် လက်ထက်တုန်း က သမ္မတ ကို သစ္စာခံသူ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ နဲ့ ဆန္ဒပြ သမားတွေ အကြား လူတွေ အယောက် ၁၀၀ ကျော် သေဆုံး ခဲ့ရတဲ့ အကြမ်းဖက် ဖြစ်ရပ် ရဲ့ ၁ နှစ်မြောက် အထိမ်း အမှတ် အဖြစ် မြို့တော် ကိယက်ဗ် က လွတ်လပ်ရေး ရင်ပြင် မှာ ယူကရိန်း နိုင်ငံသား တွေ ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ တုန်းက စုဝေး ခဲ့ကြပါတယ်။
တခါ၊ ရုရှား အပေါ် စစ်ရေး အရ အင်အားသာ လွန် နိုင်မယ် လို့ ဘယ်သူမှ စိတ်ကူး မယဉ်ကြနဲ့ ဆိုပြီး၊ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင် က ပြောလိုက်ပါတယ်။
ယူကရိန်း အရှေ့ခြမ်း အပစ်ရပ် သဘော တူ ထားမှု ကို အပြည့်အဝ ဖော်ဆောင် ကြဖို့ ပြင်သစ် နဲ့ ဂျာမနီ ခေါင်းဆောင် တွေက ထပ်မံ ဆော်ဩ ခဲ့အပြီးမှာ ရုရှား သမ္မတ က အခုလို ပြောလာ တာ ဖြစ်ပါတယ်။
ယူကရိန်း အရှေ့ဘက်ပိုင်း ခွဲထွက်ရေး သူပုန်တွေ ကို ရုရှားက ထောက်ပံ့ ပေးနေတယ် ဆိုပြီး ယူကရိန်း နဲ့ အနောက်အုပ်စု နိုင်ငံတွေ က စွပ်စွဲ ထားပါတယ်။




