တရုတ် မြို့ကြီးတွေ လေထု အရည်အသွေး စံချိန် မပြည့်မီ

ဓာတ်ပုံ ရင်းမြစ်, epa
တရုတ် နိုင်ငံမှာ အစိုးရက သတ်မှတ်ထားတဲ့ အနိမ့်ဆုံး လေထု သန့်ရှင်းမှု စံချိန်ကို အကြီးဆုံး မြို့ကြီး ၇၄ မြို့ထဲက ၈ မြို့သာ ပြည့်မီတယ်လို့ တရုတ် ပတ်ဝန်းကျင် ရေးရာ ဝန်ကြီးဌာနက ကြေညာပါတယ်။
မြို့တော် ဘေဂျင်းကို ဝန်းရံနေတဲ့ တရုတ် အရှေ့မြောက်ပိုင်းရှိ ဟီဘေး ပြည်နယ်က မြို့တွေကတော့ လေထု ညစ်ညမ်းမှု အဆိုးဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။
ဘေဂျင်းနဲ့ ရှန်ဟိုင်း မြို့ကြီး ၂ မြို့စလုံး ဟာလည်း လေထု အရည်အသွေး အကဲဖြတ်ချက်မှာ စံချိန် မမီခဲ့ပါဘူး။
လေထု ညစ်ညမ်းမှုကို ပြဿနာကို ဖြေရှင်းဖို့ တရုတ် အစိုးရက ကြိုးပမ်း လာခဲ့ပေမယ့် နိုင်ငံရဲ့ စွမ်းအင် လိုအပ်ချက်အတွက် ကျောက်မီးသွေး စွမ်းအင်ကို အလွန်အကျွံ မှီခိုနေရဆဲ ဖြစ်ပါတယ်။
ဟီဘေး ပြည်နယ်က ကျောက်မီးသွေး အသုံးပြုတဲ့ စက်ရုံ ၈ ထောင်ကျော်ကို မနှစ်တုန်းက တရုတ် အစိုးရက ပိတ်ပစ် ခဲ့ပါတယ်။
ဒါပေမယ့် တရုတ်ရဲ့ တုံ့နှေးလာတဲ့ စီးပွားရေးကို ကျားကန်ဖို့ စက်ရုံတွေ ပိတ်ပစ်တာကို အစိုးရက သတိထား ကိုင်တွယ် နေရတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။




