ဒွန်းညက်စ် လေဆိပ်မှ ယူကရိန်း အစိုးရတပ် ဆုတ်ခွာရ

ဘတ်စ်ကား ပစ်ခတ် ခံရမှုကို အပြန်အလှန် စွပ်စွဲနေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဘတ်စ်ကား ပစ်ခတ် ခံရမှုကို အပြန်အလှန် စွပ်စွဲနေ

ယူကရိန်း အရှေ့ပိုင်းမှာ အစိုးရ တပ်တွေနဲ့ သူပုန်တွေကြား ခုရက်ပိုင်း အတွင်း တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွား နေရာမှာ ဒွန်ညက်စ်မြို့ လေဆိပ်က အဓိက ဝင်ပေါက်မှာ တပ်စွဲထားတဲ့ အစိုးရ တပ်တွေ ဆုတ်ခွာ ပေးလိုက်ရတယ်လို့ ယူကရိန်း ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

လေဆိပ်ရဲ့ တခြား အစိတ်အပိုင်း တွေကို အစိုးရ တပ်တွေက ပြန်လည် ထိန်းချုပ် လိုက်နိုင်ပေမယ့် စစ်သား အနည်းဆုံး ၆ ယောက် ကျဆုံးခဲ့ပြီး ၁၆ ယောက် ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။

တခါ ဒွန်းညက်စ် မြို့လယ်မှာလည်း ဘတ်စ်ကားတစ်စီးကို လက်နက်ကြီး ထိမှန်လို့ ခရီးသည် ၁၃ ဦး သေဆုံးခဲ့ပါတယ်။

ယူကရိန်း အစိုးရကတော့ အဲဒီ တိုက်ခိုက်မှုဟာ ခွဲထွက်ရေး သမားတွေရဲ့ လက်ချက်လို့ ဆိုပြီး ရာဇဝတ်မှုကြီး တစ်ခုကို ကျူးလွန်လိုက်ကြတာလို့ ပြောပါတယ်။

ရုရှကတော့ ဒါဟာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ပျက်စီးအောင် ယူကရိန်း အစိုးရက လုပ်နေတာလို့ စွပ်စွဲပါတယ်။

ပြီးခဲ့တဲ့ ၉ လ တိုက်ပွဲတွေ စဖြစ်ချိန်က စလို့ ယခုအထိ လူပေါင်း ငါးထောင်ကျော် သေဆုံးခဲ့ပြီး တစ်သန်းကျော် အဲဒီ ဒေသတွေကနေ ထွက်ပြေးခဲ့ရတယ်လို့ ဥရာပ လုံခြုံရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ OSCE က ပြောပါတယ်။