အကျဉ်းသားတွေရဲ့ ကိုယ်အင်္ဂါ ထုတ်ယူမှု တရုတ် ရပ်ဆိုင်းမယ်

ဓာတ်ပုံ ရင်းမြစ်, AFP
တရုတ် နိုင်ငံမှာ သေဒဏ်ကျ အကျဉ်းသားတွေရဲ့ ကိုယ်တွင်း အင်္ဂါတွေကို ထုတ်ယူပြီး တခြားမှာ သုံးစွဲနေမှုတွေကို လာမယ့်နှစ် ဇန်နဝါရီ ၁ ရက်နေ့က စပြီး ရုပ်သိမ်း တော့မယ်လို့ တရုတ် အစိုးရ သတင်းမီဒီယာက ဖော်ပြလိုက်ပါတယ်။
အငြင်းပွားစရာ ဖြစ်နေခဲ့တဲ့ ဒီကိစ္စကို ရပ်ဆိုင်းမယ်လို့ အရင် နှစ်များစွာ ကတည်းက ကတိ ပေးခဲ့ဖူးပြီး နောက်ဆုံး တစ်ကြိမ် အနေနဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ ရုပ်သိမ်းမယ်လို့ ကတိ ပြုခဲ့ဖူး ပါသေးတယ်။
တရုတ် နိုင်ငံမှာ သေဒဏ်ကျ အကျဉ်းသားတွေဟာ ကိုယ်အင်္ဂါ အစားထိုးမှု လုပ်ငန်းအတွက် အဓိက အရင်းအမြစ် ဖြစ်နေခဲ့တာ ကြာခဲ့ပါပြီ။
အကျဉ်းသားတွေနဲ့ သူတို့ရဲ့ မိသားစုတွေရဲ့ သဘောဆန္ဒ မပါဘဲ အခုလို ကိုယ်အင်္ဂါ ထုတ်ယူ နေမှုတွေအတွက် တရုတ် အစိုးရ အနေနဲ့ ဝေဖန်မှုတွေ ခံနေရသလို၊ သဘော ဆန္ဒအလျောက် ကိုယ်အင်္ဂါတွေ လှူဒါန်းဖို့ လူတွေကို တိုက်တွန်းရာမှာလည်း ရိုးရာ ယဉ်ကျေးမှုကြောင့် လှူဒါန်းလိုသူတွေ မရှိဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။




