အိမ်တွင်း အကြမ်းဖက်မှု ဥပဒေကြမ်း တရုတ် ရေးဆွဲ

ဓာတ်ပုံ ရင်းမြစ်, AP
တရုတ်နိုင်ငံမှာ အိမ်တွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေကြမ်း တစ်ရပ်ကို အစိုးရက ပထမဆုံး အကြိမ် ရေးဆွဲ လိုက်ပါတယ်။
ဒီဥပဒေကြမ်းအရ အိမ်တွင်း အကြမ်းဖက် ခံရသူရဲ့ မိသားစုတွင်း ဖြစ်ပျက်တဲ့ ကိစ္စကို အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ် တစ်ဦးချင်းက ဖြောင်းဖျ ပြောဆိုတာ၊ တားဆီးတာ၊ သက်ဆိုင်ရာကို တိုင်ကြားတာမျိုး တွေ လုပ်နိုင်တော့မှာပါ။
ဒါ့အပြင် အိမ်တွင်း အကြမ်းဖက် ခံရသူ အနီးကို အကြမ်းဖက်မှု ကျူးလွန်သူက မချဉ်းကပ်နိုင်ရေး အမိန့် အာဏာတွေနဲ့ ပတ်သက်လို့လည်း လမ်းညွှန်ချက် တွေကို ထင်ထင်ရှားရှား ရေးဆွဲ ထားပါတယ်။
တရုတ်နိုင်ငံမှာ မိသားစုတွင်း ပဋိပက္ခကို ကိုယ်ရေးကိုယ်တာ ကိစ္စအဖြစ် ရှေးကာလ ကတည်းက မှတ်ယူ ထားခဲ့ကြတာပါ။
တရုတ် အစိုးရ သတင်းမီဒီယာ တွေမှာ ဖော်ပြချက်တွေ အရ လက်ထပ်ထားသူ ဒါမှမဟုတ် ရည်းစား ရှိသူ တရုတ် အမျိုးသမီး ၄၀ ရာခိုင်နှုန်းဟာ ရုပ်ပိုင်း ဒါမှမဟုတ် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတွေ ကြုံတွေ့ နေကြရတယ်လို့ သိရပါတယ်။
အိမ်တွင်း အကြမ်းဖက်မှု ဆန့်ကျင် လှုပ်ရှားသူတွေကတော့ ဒီဥပဒေကြမ်းကို ကြိုဆို လိုက်ကြပါတယ်။
ဒါပေမယ့် ဒီဥပဒေကြမ်းထဲမှာ လက်ထပ် မထားသူတွေနဲ့ ကွဲနေတဲ့ လင်မယားတွေကို ထည့်သွင်း မထားတာကိုတော့ ထောက်ပြ ခဲ့ကြပါတယ်။




