ဒဏ်ခတ်မှုနဲ့ ရေနံစျေးကျမှု ဘီလျံ ၁၄၀ ရုရှား ဆုံးရှုံး

ဓာတ်ပုံ ရင်းမြစ်, Reuters
ရုရှား နိုင်ငံ အပေါ် အနောက် နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့မှုကြောင့် ရုရှား အနေနဲ့ တစ်နှစ်ကို ဒေါ်လာ ဘီလျံ ၄၀ လောက် ဆုံးရှုံး နေရချိန်မှာပဲ ရုရှားရဲ့ အဓိက ထုတ်ကုန် ဖြစ်တဲ့ ရေနံ စျေးတွေ ထိုးကျ သွားတာကြောင့် တစ်နှစ်ကို ဒေါ်လာ ဘီလျံ ၁၀၀ အထိ ဆုံးရှုံး နစ်နာဖို့ ရှိနေတယ်လို့ ရုရှား ဘဏ္ဍာရေး ဝန်ကြီးက ပြောပါတယ်။
မော်စကိုမြို့မှာ ကျင်းပတဲ့ နိုင်ငံတကာ စီးပွားရေး ညီလာခံ တစ်ခုမှာ မိန့်ခွန်း ပြောစဉ် ရုရှား ဘဏ္ဍာရေး ဝန်ကြီး Anton Siluanov က ဆုံးရှုံးမှု ပမာဏကို အခုလို ထုတ်ဖော် ပြောသွားတာ ဖြစ်ပါတယ်။
ရုရှား စီးပွားရေးနဲ့ ပတ်သက်လို့ သိပ်စိတ်မပူဖို့ ရုရှား နိုင်ငံရေး သမားတွေက ပြောနေကြပေမယ့် အခုအခါမှာတော့ ရေနံစျေး ထိုးကျ သွားမှုကြောင့်ရော၊ အနောက်အုပ်စု နိုင်ငံတွေရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ကြောင့်ပါ တကယ်တမ်း ထိခိုက် နစ်နာနေရမှုကို ဘဏ္ဍာရေး ဝန်ကြီးက ထုတ်ဖော် ပြောလိုက်တာ ဖြစ်တယ်လို့ မော်စကိုမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
တနင်္ဂနွေ နေ့ကတော့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ဒဏ်ခတ် ပိတ်ဆို့ ခံရမှု၊ ရုရှားသုံး ရူဘယ်ငွေ တန်ဖိုး ကျဆင်းမှုနဲ့ ရေနံစျေး ကျဆင်းမှုတွေရဲ့ အကျိုးဆက် တွေကို ရုရှား တစ်နိုင်ငံတည်းသာ ခံစားရမှာ မဟုတ်ကြောင်း ရုရှား သတင်းဌာနကို ပြောခဲ့ပါသေးတယ်။
ယူကရိန်း အရှေ့ပိုင်းက ပဋိပက္ခ တွေမှာ ရုရှားရဲ့ ပါဝင် ပတ်သက်မှုကြောင့် အီးယူ ဥရောပ သမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စု တို့က ရုရှား အပေါ် ဒဏ်ခတ် ပိတ်ဆို့ ခဲ့ကြတာ ဖြစ်ပါတယ်။




