ဘော်လီဘောပွဲ ကြည့်ခွင့် တောင်းဆိုလို့ ဖမ်းခံရသူ အာမခံနဲ့ လွတ်

ဓာတ်ပုံ ရင်းမြစ်, AP
အီရန်နိုင်ငံ မှာ အမျိုးသား ဘောလီဘောပွဲ တပွဲကို ကြည့်ဖို့ ကြိုးစားခဲ့လို့ ထောင်ချ ခံခဲ့ရတဲ့ အမျိုးသမီး ကို အခုတော့ အာမခံနဲ့ လွှတ်ပေး လိုက်ပါပြီ။
ကျန်းမာရေး အခြေအနေကြောင့် လွတ်လာခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် အီရန်နွယ်ဖွား ဗြိတိန်နိုင်ငံသူ ဂွန်ရှဲ ဂါဗာမီးဟာ လောလောဆယ် တီဟီရန်မြို့မှာ မိဘတွေနဲ့ နေထိုင်ပြီး အယူခံ တရားရုံးရဲ့ ဆုံးဖြတ်ချက် ကို စောင့်နေတယ် လို့ သူရဲ့ မိဘတွေက ပြောပါတယ်။
မစ္စ ဂါဗာမီးဟာ ပြီးခဲ့တဲ့ ဂျွန်လ ၂၀ ရက်နေ့က တခြား အီရန် အမျိုးသမီးအုပ်စု တစုနဲ့ အတူ အီရန်နဲ့ အီတလီ အမျိုးသား ဘောလီဘော ပြိုင်ပွဲကို ကြည့်ခွင့် ရဖို့ အားကစားရုံ ရှေ့ ဆန္ဒပြချိန်မှာ ရိုက်နှက် ပြီး ဖမ်းဆီး ခံခဲ့ရတယ် လို့ ဆိုပါတယ်။
နောက်ပိုင်း သူတို့ကို ပြန်လွှတ် ပေးခဲ့ပေမယ့် မကြာခင်မှာပဲ မစ္စ ဂါဗာမီးကို ပြန်ဖမ်းခဲ့ပါတယ်။ ဒီနောက် ရုံးတင်ကာ အစိုးရက အတိုက်အခံတွေနဲ့ အဆက်အသွယ် ရှိတယ်၊ ဝါဒဖြန့် စာတွေ ဝေတယ် ဆိုတဲ့ စွပ်စွဲချက် နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ လဆန်းပိုင်း ကမှ ထောင် ၁ နှစ်ချခဲ့ပါတယ်။ နောက်ပြီး ခရီးသွားလာခွင့်လည်း ၂ နှစ် အပိတ်ခံခဲ့ ရပါတယ်။
အောက်တိုဘာလ က သူ့ကို မတရား ချုပ်နှောင်တာ ဆိုပြီး မစ္စဂါဗာမီး က အစာငတ်ခံ ဆန္ဒပြ ခဲ့သလို ထောင်သောင်းချီတဲ့ လူတွေကလည်း သူ့ကို ပြန်လွှတ်ပေး ဖို့ လက်မှတ်ရေးထိုး တောင်းဆို ခဲ့ကြပါတယ်။
အီရန်နိုင်ငံ မှာ အမျိုးသားတွေ ယှဉ်ပြိုင်တဲ့ အားကစားပွဲ တွေကို အမျိုးသမီးတွေ ကြည့်ရှု့ခွင့် ပိတ်ပင်ထားပါတယ်။ မစ္စဂါဗာမီး အဖမ်း ခံခဲ့ရတဲ့ နောက်ပိုင်း၊ ကမ္ဘာ့ ဘော်လီဘော အဖွဲ့ချူပ်က အီရန်ကို နိုင်ငံတကာ ပြိုင်ပွဲတွေ လက်ခံ ကျင်းပခွင့် ပိတ်ပင် ခဲ့ပါတယ်။




