ဝေဖန်သံတွေ ကြားကပဲ လူဝင်မှုဆိုင်ရာ ပြင်ဆင်မှုတွေ ဆက်လုပ်မယ် လို့ အိုဘားမားပြော

ဓာတ်ပုံ ရင်းမြစ်, AP
အမေရိကန် ကွန်ဂရက်စ် လွှတ်တော် ကို ကြီးစိုးထားတဲ့ အတိုက်အခံ ရီပတ်ဘလီကန် တွေရဲ့ ဒေါသတကြီး ဝေဖန်သံတွေ ကြားကပဲ၊ သမ္မတ အိုဘားမားဟာ သူ့ရဲ့ လူဝင်မှုဆိုင်ရာ မူဝါ အပြောင်းအလဲ တွေကို ဆက်လက် ဖော်ဆောင် သွားမယ် ဆိုပြီး ကတိပေး ပြောကြား လိုက်ပါတယ်။
၂ ပါတီ ပူးတွဲ ဖော်ဆောင် ရမယ့် ပြင်ဆင် မှုမျိုးကို ရီပတ်ဘလီကန် တွေ ဦးဆောင်နေတဲ့ ကွန်ဂရက်စ် လွှတ်တော် ကနေ ပတ်သက်ခွင့် မရအောင်၊ သမ္မတ အိုဘားမား အနေနဲ့ ဘုရင် သဖွယ် ပြုမူခဲ့တယ် ဆိုပြီးတော့ အောက်လွှတ်တော် ရဲ့ ဥက္ကဌလည်းဖြစ် ထိပ်တန်း ရပတ်ဘလီကန် ခေါင်းဆောင်လည်း ဖြစ်တဲ့ ဂျွန်ဘေနာ က စွပ်စွဲ ခဲ့ပါတယ်။
သမ္မတက တရားမဝင် လူ ၅ သန်းကို တရားဝင် ယာယီ နေထိုင်ခွင့် အဆင့်အတန်း သတ်မှတ် လိုက်တဲ့အတွက်၊ မက္ကဆီကို နယ်စပ်ကနေ အမေရိကန်ဘက်ကို အသက် အန္တရာယ်နဲ့ ရင်းပြီး ဝင်ရောက်လာ ဖို့ တွန်းအား ပေးလိုက် သလိုမျိုး ဖြစ်စေမယ် ဆိုပြီးတော့လည်း မစ္စတာ ဘေနာက ပြောပါတယ်။
သမ္မတ အိုဘားမားကတော့ အခုလို လူဝင်မှု ဆိုင်ရာ ဥပဒေ အပြောင်းအလဲနဲ့ ပတ်သက်ပြီး သူ့ရဲ့ လုပ်ပိုင်ခွင့် အတိုင်း ဆောင်ရွက်မှု အပေါ်၊ ကွန်ဂရက်စ် အမတ်တွေ အနေနဲ့ မေးခွန်းထုတ်မယ် ဆိုရင်၊ သူ့ဘက်ကလည်း ဒီဥပဒေကို ကွန်ဂရက်စ် ကနေ အတည် ပြုပေးပါ ဆိုပြီး ပြန်လည် ပြောရမှာပဲ လို့ ပြောခဲ့ပါတယ်။




