အမေရိကန် လူဝင်မှု ဥပဒေကို အိုဘားမား ပြုပြင် ပြောင်းလဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
သမ္မတ အိုဘားမားက သူရဲ့ လုပ်ပိုင်ခွင့် အာဏာကို အသုံးပြုပြီး အမေရိကန် ပြည်ထောင်စုရဲ့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေကို ပြုပြင် ပြောင်းလဲ လိုက်တာကြောင့် အမေရိကန် နိုင်ငံ အတွင်းက သန်းနဲ့ ချီတဲ့ တရားမဝင် နေထိုင် သူတွေ အနေနဲ့ အလုပ်လုပ်ခွင့် ပါမစ်တွေ လျှောက်ထား နိုင်ခွင့် ရတော့မှာ ဖြစ်ပါတယ်။
ကွန်ဂရက် လွှတ်တော်ရဲ့ အတည်ပြုချက်ကို မယူဘဲ ထုတ်ပြန် လိုက်တဲ့ အခုလို လူဝင်မှု ဥပဒေ ပြုပြင် ပြောင်းလဲရေး အစီအစဉ်ဟာ အမေရိကန် နိုင်ငံ အတွင်းက လူ ၄ သန်းလောက်ကို ယာယီ နေထိုင်ခွင့်တွေ ရရှိစေမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty
သမ္မတ အိုဘားမား အနေနဲ့ ပြီးခဲ့တဲ့ သက်တမ်းဝက် ရွေးကောက်ပွဲမှာ သူရဲ့ ဒီမိုကရက်တစ် ပါတီက ဆီးနိတ် လွှတ်တော်ကို ချုပ်ကိုင်နိုင်မှု လက်လွှတ် လိုက်ရတဲ့ နောက်ပိုင်း ပထမဆုံး ထုတ်ပြန် လိုက်တဲ့ အဓိက ကျတဲ့ ပေါ်လစီပိုင်း ဆိုင်ရာ အပြောင်းအလဲ ဖြစ်ပါတယ်။
အတိုက်အခံ ရီပက်ဘလီကန် တွေကတော့ သမ္မတ အိုဘားမားဟာ အာဏာကို အလွဲသုံးတယ် လို့ စွပ်စွဲ ခဲ့ကြပါတယ်။
ပြုပြင် ပြောင်းလဲဖို့ လိုအပ်နေတဲ့ အမေရိကန် လူဝင်မှု စနစ်ကို ကွန်ဂရက် အနေနဲ့ ပြင်ဆင်ဖို့ အကြိမ်ကြိမ် ပျက်ကွက် ခဲ့တာတွေကြောင့် သူ့အနေနဲ့ တစ်ကိုယ်တော် ဆောင်ရွက်ရတာ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။
အခု ပြုပြင် လိုက်တဲ့ အစီအစဉ် အရ အမေရိကန် နိုင်ငံမှာ တရားဝင် နေထိုင် နေသူ သားသမီးတွေရဲ့ မိဘတွေအဖို့ ၅ နှစ်ကြာ နေထိုင်ခဲ့ပြီးရင် အလုပ်လုပ်ခွင့် ပါမစ်ကို လျှောက်ထား နိုင်ကြမှာ ဖြစ်သလို၊ တရားဝင် နေထိုင်နေတဲ့ မိဘတွေရဲ့ နောက်မှ ရောက်လာတဲ့ သားသမီးတွေဟာလည်း တရားဝင် နေထိုင်ခွင့် သက်တမ်းကို တိုးမြှင့် ရရှိမှာ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ တရားမဝင် နေထိုင်နေသူ စုစုပေါင်း ၁၁ သန်းလောက် ရှိတယ်လို့ ခန့်မှန်း ရပါတယ်။




