သီရိလင်္ကာ ကျန်းမာရေး ဝန်ကြီး သမ္မတ အရွေးခံမယ်

ဓာတ်ပုံ ရင်းမြစ်, AFP
သီရိလင်္ကာ နိုင်ငံမှာ လာမယ့် သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ Mahinda Rajapakse နဲ့ ယှဉ်ပြိုင်ပြီး ဝင်ရောက် အရွေးခံ ဖို့အတွက် အစိုးရ အဖွဲ့ဝင် ထိပ်တန်း ဝန်ကြီး တစ်ဦးက အစိုးရ အဖွဲ့ကနေ နှုတ်ထွက်ကြောင်း ကြေညာ လိုက်ပါတယ်။
အဲဒီ ကျန်းမာရေး ဝန်ကြီး Maithripala Sirisena ဟာ လက်ရှိ အစိုးရ အဖွဲ့တွင်းမှာ သြဇာ အကြီးဆုံး သူတွေထဲက တစ်ယောက် ဖြစ်တာကြောင့် အခုလို သမ္မတ နေရာအတွက် ယှဉ်ပြိုင် အရွေးခံမယ့် သူ့ရဲ့ အစီအစဉ်ဟာ လက်ရှိ သမ္မတ မာဟင်ဒါ ရာဂျာပါ့ခ်ဆီ အတွက် အထိနာစေတဲ့ ထိုးနှက်ချက် ဖြစ်တယ်လို့ သတင်းထောက် တွေက ပြောပါတယ်။
ကျန်းမာရေး ဝန်ကြီး မိုင်သရီ ပါလာ ဆီရီစီနာ နဲ့အတူ သူ့ကို ထောက်ခံတဲ့ တခြား ဝန်ကြီး ၅ ဦးလည်း အစိုးရ အဖွဲ့ကနေ နှုတ်ထွက် ခဲ့ကြပါတယ်။
သမ္မတ ရွေးကောက်ပွဲကို ဇန်နဝါရီ လဆန်းပိုင်းမှာ ကျင်းပမှာ ဖြစ်ပြီး လက်ရှိ သမ္မတ မာဟင်ဒါ ရာဂျာပါ့ခ်ဆီက နောက်တစ်ကြိမ် သမ္မတ သက်တမ်းအတွက် ဝင်အရွေးခံဖို့ မနေ့က အတည်ပြု ပြောဆိုခဲ့ပါတယ်။




