အမေရိကန် လေကြောင်း ထိုးစစ် IS တွေကို တိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, AP
ဆီးရီးယား နိုင်ငံ ကိုဘိန်း မြို့ တဝိုက်မှာ အမေရိကန် ဦးဆောင်တဲ့ လေကြောင်း ထိုးစစ်က IS အစ္စလာမ္မစ် နိုင်ငံတပ် တွေကို ညလုံးပေါက် တိုက်ခိုက် ခဲ့ပါတယ်။
ကောင်းကင်မှာ စစ်လေယာဉ်တွေ အဆက် မပြတ် ပျံသန်း နေချိန်မှာ ဆီးရီးယားက ကာ့ဒ် လူမျိုးစု တပ်တွေက မြေပြင်မှာ သူတို့ မြို့ကို IS တွေ လက်ထဲ မကျအောင် ခုခံ နေပါတယ်။
IS တပ်တွေ ကိုဘိန်း မြို့ နားလေးမှာ ပဲ တပ်စွဲ နေတယ်လို့ သိရပါတယ်။
အမေရိကန် သမ္မတ အိုဘားမားကလဲ အစ္စလာမ္မစ် နိုင်ငံတပ် တွေကို နှိမ်နင်းချေမှုန်းရေးမှာ အမေရိကန်က ကမ္ဘာကို ဦး ဆောင် နေတယ် လို့ သူ့ရဲ့ အပတ်စဉ် ရေဒီယို မိန့်ခွန်းမှာ ပြောကြား ခဲ့ပါတယ်။
ဆီးရီးယားက IS တပ်တွေ ကို နှိမ်နင်းရာမှာ အမေရိကန်နဲ့ အာရပ် နိုင်ငံ တွေပါ ပူးပေါင်း တိုက်ပွဲဝင်နေတယ် လို့လဲ မစ္စတာ အိုဘားမားက ပြောပါတယ်။
ဗြိတိန် လေကြောင်း ထိုးစစ် စတော့မယ်
အစ္စလာမ္မစ် နိုင်ငံ တပ်က စစ်သွေးကြွ တွေကို လေကြောင်းက တိုက်ခိုက်ဖို့ ဗြိတိန် ပါလီမန်က မနေ့က ဆုံးဖြတ် ခဲ့ပြီးနောက် ဗြိတိသျှ တိုက်ခိုက်ရေး ဂျက် လေယာဉ် တွေ ပထမ ဆုံး အကြိမ် အီရတ် နိုင်ငံ ပေါ် စတင် ပျံသန်း နေပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
Cyprus ကျွန်း က ဗြိတိသျှ စစ်စခန်း ကနေ ဂျက်လေယာဉ် တွေ ထိုးတက် သွားတာ တွေ့ရတယ်လို့ စောင့်ကြည့်နေတဲ့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။
ဒီလေယာဉ် တွေမှာ လေဆာ ရောင်ခြည်သုံး ဗုံး တွေနဲ့ ဒုံးကျည် တွေ တင်ဆောင် သွားပါတယ်။
အီရတ်က IS ပစ်မှတ် တွေကိုပဲ တိုက်ခိုက် မယ်လို့ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း က အစက ပြောကြား ခဲ့ပါတယ်။
ဒါပေမဲ့ ဆီးရီးယား ကိုပါ တိုးချဲ့ စစ်ဆင်ဖို့ လိုလားတဲ့ အရိပ် အမြွက် စကားတွေကိုလဲ မစ္စတာ ကင်မရွန်း က ပြောနေပြီ ဖြစ်ပါတယ်။








