IS အပေါ် လေကြောင်း တိုက်ဖို့ ယူကေ အတည်ပြု

ဓာတ်ပုံ ရင်းမြစ်, Reuters
အီရတ် နိုင်ငံထဲက IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ စစ်သွေးကြွတွေ အပေါ် လေကြောင်းကနေ စစ်ဆင်ရာမှာ ဗြိတိန် နိုင်ငံလည်း ပါဝင် တိုက်ခိုက်ဖို့ ယူကေ ပါလီမန်က အတည်ပြု လိုက်ပါတယ်။
လေကြောင်း စစ်ဆင်ရေးမှာ ပါဝင်ဖို့ ကိစ္စကို ယူကေ ပါလီမန်မှာ ၇ နာရီ ကြာအောင် အကြိတ် အနယ် ဆွေးနွေးပြီးနောက် မဲခွဲ ဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၅၂၄ မဲ၊ ကန့်ကွက်မဲ ၄၃ မဲနဲ့ အတည်ပြု နိုင်ခဲ့တာ ဖြစ်ပါတယ်။
ကွန်ဆာဗေးတစ်၊ လစ်ဘရယ် ဒီမိုကရက်နဲ့ လေဘာ အဓိက ပါတီကြီး ၃ ခု စလုံးက ထောက်ခံခဲ့ပြီး တချို့ အမတ်တွေ ကတော့ တိုက်ခိုက်မှုတွေဟာ တချိန်ချိန်မှာ ဆီးရီးယား နိုင်ငံဘက် ဦးတည် သွားမှာကို စိုးရိမ်ကြောင်း ပြောခဲ့ပါတယ်။
အီရတ် အစိုးရရဲ့ တောင်းဆိုချက် အရ အစွန်းရောက် အကြမ်းဖက် သမားတွေကို နှိမ်နင်းရေးမှာ ပါဝင် ကူညီတာဟာ ကျင့်ဝတ်နဲ့ ကိုက်ညီပြီး ဥပဒေကြောင်း အရလည်း ဘောင်ဝင်တယ်လို့ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ပြောခဲ့ပါတယ်။
စစ်ဆင်ရေးအတွက် ဗြိတိန် တော်ဝင် လေတပ်က တိုက်လေယာဉ်တွေကို တနင်္ဂနွေနေ့ အစောဆုံး ထားပြီး စေလွှတ်ဖွယ် ရှိတယ်လို့ ဘီဘီစီရဲ့ နိုင်ငံရေး သတင်း အယ်ဒီတာ နစ်ခ် ရောဘင်ဆင်က ဆိုပါတယ်။




