IS အဖွဲ့ကို ကန် လေကြောင်းတိုက်ခိုက်မှု ဆက်လုပ်

ဓာတ်ပုံ ရင်းမြစ်, Reuters
တိုက်ခိုက်မှုတွေ ဆက်လုပ်ရင် ဖမ်းထားတဲ့ အမေရိကန် ဓားစာခံ ဒုတိယ တစ်ယောက်ကို သတ်ပစ်မယ်လို့ Islamic State စစ်သွေးကြွ အဖွဲ့က ခြိမ်းခြောက် ထားပေမယ့် အမေရိကန်က အီရတ်နိုင်ငံ မြောက်ပိုင်းမှာ ရှိတဲ့ အိုင်အက်စ် စစ်သွေးကြွတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။
အခု နောက်ဆုံး လေကြောင်း တိုက်ခိုက်မှုဟာ အမေရိကန် သတင်းထောက် James Foley ကို စစ်သွေးကြွတွေက ခေါင်းဖြတ် သတ်ခဲ့တဲ့ ဗီဒီယို ပေါ်ထွက်လာပြီး နောက် တစ်ရက်မှာ ပြုလုပ်တာ ဖြစ်ပါတယ်။
အဲဒီ သတင်းသမား ခေါင်းဖြတ် အသတ်ခံရတဲ့ ဗီဒီယိုကြောင့် နိုင်ငံတကာက မကျေမနပ်မှုတွေ ဖြစ်ခဲ့ကြပါတယ်။
James Foley အပါအဝင် ဆီးရီးယားမှာ ဓားစာခံ အဖြစ် အဖမ်းခံ ထားရသူတွေကို ကယ်ဆယ်ဖို့ အခု နှစ်ဆန်းက အမေရိကန် အထူး တပ်ဖွဲ့တွေ ကြိုးစားခဲ့တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ပြောပါတယ်။
အဲဒီအချိန်က အမေရိကန် အထူး တပ်ဖွဲ့တွေနဲ့ စစ်သွေးကြွတွေ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပေမယ့် ဓားစာခံတွေ ဖမ်းထားတဲ့ နေရာကို မသိခဲ့ပါဘူး။
James Foley ခေါင်ဖြတ် အသတ် မခံရခင် တစ်ပတ်လောက် အလိုမှာ အမေရိကန်တို့ လေကြောင်းကနေ တိုက်ခိုက်ရင် James Foley ကို သတ်ပစ်မယ်လို့ ပြောထားတဲ့ အီးမေး တစ်စောင်ကို သူ့မိသားစုက လက်ခံရရှိခဲ့တယ်လို့ လုံခြုံရေး သတင်း ရပ်ကွက်က ဘီဘီစီကို အတည်ပြုပါတယ်။
Islamic State အဖွဲ့က ဖမ်းထားတဲ့ ဆီးရီးယား လူမျိုး မဟုတ်တဲ့ ဓားစာခံ ၃ ယောက်ကို ဗြိတိသျှ စစ်သွေးကြွ ၃ ယောက်က စောင့်ကြပ် နေတယ်လို့လည်း အစောပိုင်းက သတင်းရရှိပါတယ်။
လောလောဆယ်မှာ James Foley ကို ခေါင်းဖြတ် သတ်ခဲ့တဲ့ မျက်နှာဖုံးစွပ် စစ်သွေးကြွကို ဖော်ထုတ်နိုင်ဖို့ FBI က ဦးဆောင် စုံစမ်းနေပါတယ်။








