အီရတ်မှာ အမေရိကန်က ဆက်လက် တိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, EPA
အီရတ်နိုင်ငံ မြောက်ပိုင်းမှာ၊ အစ္စလာမ်မစ် နိုင်ငံ ကြေညာထားကြ တဲ့၊ ဆွန်နီ သူပုန်တွေ ကို၊ အမေရိကန်က လေကြောင်း တိုက်ခိုက်မှု တွေ၊ ဆက်လက် ပြုလုပ်ခဲ့တယ် ဆိုပြီး၊ အမေရိကန် စစ်ဌာနချူပ် ပဲန်တဂန်က၊ အတည်ပြု ပြောကြား လိုက်ပါတယ်။ မြောက်ပိုင်း ကာ့ဒ်မျိုးနွယ်စုတွေ ထိန်းချူပ်ထားရာ အယ်ဘီးလ် အနီးက ပစ်မှတ်တွေ ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံသားတွေ ရှိနေတဲ့ အယ်ဘီးလ်မြို့ ကို ကာကွယ်ဖို့ရာ၊ လေကြောင်း တိုက်ခိုက်မှု နှစ်ကြိမ် ထပ်မံ ပြုလုပ်ခဲ့တာ လို့ ဆိုပါတယ်။
အီရတ်အစိုးရ ရဲ့ အကူအညီ ပေးဖို့ တောင်းခံ ခဲ့တာတွေ၊ အရင်ကတည်းက ရှိနေခဲ့တာကို လှစ်လျူရှု့ခဲ့ပြီး၊ အခုမှ ဘာလို့ အမေရိကန် အနေနဲ့ အီရတ်မှာ စစ်ရေးအရ အရေးယူ ဆောင်ရွက် လာရတာလဲ ဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။
ဒါနဲ့ ပတ်သက်ပြီး၊ အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ လက်ထောက် ပြောခွင့်ရ၊ မရီးဟာ့ဖ် က၊ အမေရိကန်ဟာ အီရတ် အပေါ် ကူညီမှုတွေကို တောက်လျှောက် တိုးမြှင့် လုပ်ဆောင် ခဲ့တာမှာ၊ hellfire ဒုံးကျည်တွေ ပံ့ပိုးတာ အပါအဝင်၊ တခြား နည်းလမ်းတွေ နဲ့ပါ၊ ကူညီနေခဲ့တာလို့ တုန့်ပြန်ခဲ့ပါ တယ်။
တခါ၊ ဆွန်နီ အစွန်းရောက် သူပုန်တွေ ကြောင့်၊ မိမိတို့ရဲ့ အိုးအိမ်တွေ ကို စွန့်ခွာ ထွက်ပြေး နေကြရတဲ့၊ အီရတ်နိုင်ငံ က ခရစ်ယန်တွေ နဲ့ ယာဇစ်ဒီ လူနည်းစု တွေကိုလည်း၊ အမေရိကန်က ကူညီမှုတွေ ဆောင်ရွက်လာပါ တယ်။
ဝေးလံခေါင်သီ တဲ့ တောင်တန်း ဒေသတွေမှာ ပုန်းခို ပိတ်မိ နေကြရတဲ့၊ သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေ အတွက်၊ အမေရိကန်က အရေးပေါ် ရိက္ခာတွေ၊ ချပေးခဲ့ပါတယ်။
ဒီဒုက္ခသည်တွေကို အကူအညီ ပေးမယ် ဆိုပြီး၊ ဗြိတိန်နဲ့ ပြင်သစ်တို့ ကလည်း၊ ပြောထားပါတယ်။




