ကွန်ဂို စစ်ဘုရင်ဟောင်း ထောင် ၁၂ နှစ် ကျ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးမှာ တွေ့ရတဲ့ ကွန်ဂို စစ်ဘုရင်ဟောင်း

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးမှာ တွေ့ရတဲ့ ကွန်ဂို စစ်ဘုရင်ဟောင်း

အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံးက ကွန်ဂို နိုင်ငံ စစ်ဘုရင်ဟောင်း ဂျမန်း ကာတန်းဂါး Germain Katanga ကို စစ်ရာဇဝတ်မှုတွေ ကျုးလွန်ခဲ့မှု အတွက် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ပါတယ်။

တရားသူကြီး Bruno Cotte က ပြောရာမှာ တရားရုံး အနေနဲ့ မစ္စတာ ဂျမန်း ကာတန်းဂါးဟာ တိုက်ခိုက်ရေး သမားတွေ၊ သူတို့ တပ်မှူးတွေ ပါတဲ့ အုပ်စုက ကျူးလွန်တဲ့ ပြစ်မှု အတော်များများကို စေခိုင်းရာမှာ ပါဝင် ပတ်သက်မှု ရှိခဲ့တယ်လို့ တွေ့ရှိရကြောင်း ပြောသွားပါတယ်။

မစ္စတာ Katanga ဟာ ထောင်ထဲမှာ ၆ နှစ်ကျော်ကြာ နေခဲ့ရပြီး ဖြစ်ပါတယ်။

သူဟာ လွန်ခဲ့တဲ့ ၁၀ နှစ် ကျော်က ကွန်ဂို နိုင်ငံ အရှေ့မြောက်ပိုင်းက ရွှေအမြောက်အမြား ထွက်ရာ ပြည်နယ်တွင်းမှာ ရှိတဲ့ ရာနဲ့ချီတဲ့ Ituri ရွာသားတွေကို သတ်ဖြတ်ခဲ့မှုမှာ ကြံရာပါ ဖြစ်လို့ အပြစ်ရှိတယ်လို့ မတ်လတုန်းက ဆုံးဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ခိုက်သူတွေက အဲဒီရွာကို မြေပုံပေါ်ကနေ ဖျောက်ဖျက်ပစ်ဖို့ ရွာသားတွေကို မသတ်ခင်မှာ ခန္ဓာကိုယ် အစိတ်အပိုင်း တွေကို အပိုင်းပိုင်း ခုတ်ထစ်ခဲ့ကြတယ်လို့ တရားသူကြီးက ပြောပါတယ်။