တရုတ် မိုင်းတွင်းလုပ်ငန်းရှင်ကို သေဒဏ်ချမှတ်

ဓာတ်ပုံ ရင်းမြစ်, Reuters
တရုတ် နိုင်ငံရဲ့ လုံခြုံရေး အကြီးအကဲဟောင်းနဲ့ ပတ်သက်တယ်လို့ ယူဆရတဲ့ မိုင်းတွင်း လုပ်ငန်းရှင်ကြီးကို သေဒဏ် အပြစ် ချမှတ်လိုက်ပါတယ်။
သေဒဏ်ချမှတ်ခံရသူ လျူဟန် Liu Han ဟာ တရုတ်နိုင်ငံမှာ အချမ်းသာဆုံး စာရင်းဝင် ဖြစ်ပြီး သူဟာ သူ့ ညီအစ်ကို တော်စပ်သူနဲ့အတူ ဆီချွမ် ပြည်နယ်က လောင်းကစား စက်တွေကို ထိန်းချုပ်တဲ့ ရာဇဝတ် ဂိုဏ်းကို ဦးဆောင်မှုနဲ့ အပြစ်ရှိတယ်လို့ ချမှတ်ခံရတာ ဖြစ်ပါတယ်။
အဲဒီဂိုဏ်းက သူ့ပြိုင်ဖက်တွေကို မတရား အနိုင်ကျင့်တာ သေနတ်နဲ့ ပစ်တာ အပြင် ခြိမ်းခြောက် အကြပ်ကိုင်တာတွေ လုပ်ခဲ့ပြီး အစိုးရ အရာရှိတွေကို လာဘ်ထိုးပြီး အကာအကွယ် ရယူခဲ့တယ်လို့ ပြောကြပါတယ်။
ဒါပေမယ့် ဘေဂျင်းက ဘီဘီစီ သတင်းထောက် ကတော့ မစ္စတာ လျူဟာ တစ်ချိန်က တန်ခိုး အာဏာ ကြီးမားခဲ့တဲ့ လုံခြုံရေး အကြီးအကဲ ဖြစ်သူ ကျောက်ယုန်ခန်း Zhou Yongkang နဲ့ ဆက်စပ်မှု ရှိခဲ့တာကြောင့် အခုလို သူ့ရဲ့ ကျဆုံးခန်းကို ရောက်ခဲ့ရတာလို့ ပြောပါတယ်။
လုံခြုံရေး အကြီးအကဲ ဖြစ်ခဲ့သူ မစ္စတာ ကျောက်ယုန်ခန်း Zhou Yongkang ကတော့ အလွဲသုံးစားမှုတွေနဲ့ နေအိမ်အကျယ်ချုပ် ချခံထားရတယ်လို့ သတင်းတွေ ထွက်နေပါတယ်။




