သမ္မတ အိုဘားမား အာရှ ခရီးစဉ် စတင်

ဓာတ်ပုံ ရင်းမြစ်, AP
သမ္မတ အိုဘားမားရဲ့ အာရှ ခရီးစဉ်မှာ တရုတ်နိုင်ငံနဲ့ နယ်နိမိတ် ကိစ္စ အငြင်းပွားနေတဲ့ အမေရိကန်ရဲ့ အာရှ မဟာမိတ် နိုင်ငံတွေအနေနဲ့ အမေရိကန် ဆီက အာမခံချက် တစ်ခုခု ရဖို့ မျှော်လင့်နေပြီး ဒီခရီးစဉ်ရဲ့ အစအဖြစ် သမ္မတ အိုဘားမားဟာ ဂျပန်နိုင်ငံကို ဆိုက်ရောက်လာပါတယ်။
အရှေ့ တရုတ် ပင်လယ်မှာ Senkaku သို့မဟုတ် Diaoyu လို့ ခေါ်တဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းတွေမှာ ဂျပန်ရဲ့ အုပ်ချုပ်မှုကို သေးသိမ်အောင် လုပ်တဲ့ ဘယ်လို ကြိုးပမ်းမှုကိုမဆို ဆန့်ကျင်သွားမယ်လို့ သမ္မတ အိုဘားမားက ဂျပန် သတင်းစာနဲ့ မေးမြန်းခန်းမှာ ပြောသွားပါတယ်။
တရုတ် နိုင်ငံခြားရေး ဌာနကတော့ အမေရိကန်တို့ အနေနဲ့ ပေးထားတဲ့ ကတိအတိုင်း ဘယ်ဘက်မှ မလိုက်ဘဲ နေသင့်တယ်လို့ ချက်ချင်း ကန့်ကွက်လိုက်ပါတယ်။
သမ္မတ အိုဘားမားဟာ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ ညစာအတူ သုံးဆောင်ပြီး မနက်ဖြန် ဆက်လက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။




