ဘင်္ဂလားဒေ့ရှ် စက်ရုံပိုင်ရှင် အဖမ်းခံ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ လွန်ခဲ့တဲ့ တနှစ်က အလုပ်သမား တရာကျော် မီးလောင် သေဆုံးခဲ့ရတဲ့ အထည်ချုပ် စက်ရုံ ပိုင်ရှင် လင်မယားနှစ်ဦး ရဲလက်မှာ လာရောက် အဖမ်းခံခဲ့ကြပါတယ်။
အထည်ချုပ် စက်ရုံပိုင်ရှင် ဒယ်လ်ဝါ ဟော့စိန်နဲ့ သူ့ဇနီးသည်ကို လူသတ်မှု စွဲချက်နဲ့ ဒီဇင်ဘာလ ကတည်းက တရားစွဲဆို ထားတာပါ။
သူတို့ကို ဖမ်းဝရမ်း ထုတ်ထားပေမယ့် ဒက္ကာမြို့မှာ လွတ်လွတ်လပ်လပ် နေနေခဲ့တာပါ။
အခုတော့ ဒက္ကာမြို့ တရားရုံးမှာ အာမခံ လာလျှောက်ခဲ့ရာမှာ ပယ်ချခံခဲ့ရပြီး အခုလို အဖမ်းခံ ခဲ့ရတာ ဖြစ်ပါတယ်။ ဘာ့ကြောင့် အခုမှ လာအဖမ်းခံတာလဲ ဆိုတာကိုတော့ အသေအချာ မသိရပါဘူး။
တကယ်လို့ ပြစ်မှု ထင်ရှားရင်တော့ တသက်တကျွန်း ပြစ်ဒဏ် ကျခံရဘွယ် ရှိပါတယ်။
ဒက္ကာမြို့ ဆင်ခြေဖုံး တာဇီးန် ရပ်ကွက်မှာ ရှိတဲ့ အဲဒီ အထည်ချုပ် စက်ရုံ မီးလောင်ခဲ့မှုနဲ့ ပတ်သက်လို့ မစ္စတာ ဟော့စိန်တို့ လင်မယား နှစ်ဦးအပါအဝင် လူ ၁၃ ဦး တရားစွဲ ခံခဲ့ရပါတယ်။
ဒီမီးလောင်မှုဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ သမိုင်းမှာ အဆိုးဝါးဆုံး မီးလောင်မှုကြီး ဖြစ်ပြီး အထည်ချုပ်စက်ရုံတွေရဲ့ လုပ်ငန်းခွင် အခြေအနေတွေအပေါ် အများ အာရုံစိုက်စရာ ဖြစ်ခဲ့ရပါတယ်။
မီးစလောင်ချိန်မှာ စက်ရုံ မန်နေဂျာနဲ့ လုံခြုံရေး အစောင့်တွေက ဒါဟာ ပုံမှန် လုပ်နေကျ မီးသတ် အစမ်း လေ့ကျင့်မှု ဖြစ်တယ်လို့ စက်ရုံ အလုပ်သမား တွေကို ပြောခဲ့တဲ့ အတွက် အတော်များများ ထွက်ပြေးဖို့ နောက်ကျ ခဲ့ရပြီး အသက် ဆုံးရှုံးခဲ့ ကြရတာလို့ စုံစမ်းတွေ့ရှိရပါတယ်။
အထပ် ၉ ထပ်ရှိတဲ့ အဲဒီ အထည်ချုပ် စက်ရုံမှာ အရေးပေါ် ထွက်ပေါက်တွေ မရှိဘဲ အပြင်ထွက်တဲ့ အပေါက်တချို့ ကိုလည်း အပြင်ကနေ ပိတ်ထားခဲ့တယ်လို့ သိရပါတယ်။
အထဲမှာ ပိတ်မိနေတဲ့ အလုပ်သမား တွေဟာ အဆောက်အအုံ ထဲက မီးခိုးတွေနဲ့ မွန်းကျပ်ပြီး သေဆုံးခဲ့ရတာပါ။
စက်ရုံ အလုပ်သမား အတော်များများ ဟာ အမျိုးသမီးတွေ ဖြစ်ကြပြီး တလကို ဒေါ်လာ ၃ဝ ကျော်လောက်ပဲ ရကြတာပါ။
အဲဒီ စက်ရုံဟာ အမေရိကန် Wal-Mart ကုမ္ပဏီအပါအဝင် အဝတ်အထည် ကုမ္ပဏီကြီးတွေ အတွက် အထည်တွေ ချုပ်လုပ် တင်သွင်းပေးနေတာပါ။
တရုတ်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး အထည်ချုပ်နိုင်ငံ ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခုလို အထည်ချုပ် စက်ရုံ ပိုင်ရှင်တွေကို တရားစွဲဆိုတာဟာ ဒါပထမဆုံး အကြိမ် ဖြစ်ပါတယ်။








