အထည်ချုပ်စက်ရုံ မီးလောင်မှု လူကိုးယောက် သေဆုံး

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အထည်ချုပ်စက်ရုံ မီးလောင်မှုကြောင့် လူကိုးယောက် သေဆုံးသွားပါတယ်။
ဒက္ကားမြို့ ဆင်ခြေဖုံးက ဂဇီပါ အရပ်က မီးလောင်မှုမှာ ဂိုဒေါင် တလုံးနဲ့ အဆောက်အဦ နှစ်ခု မီးထဲပါသွားခဲ့ပါတယ်။
မီးသတ်တွေက ဆက်လက် မီးငြိမ်းသတ်နေကြရပြီး အလောင်းရှာဖွေမှုတွေ မလုပ်နိုင်သေးဘူးလို့ အခင်းဖြစ်ပွားတဲ့ နေရာမှာ ဒေသန္တရာ အရာရှိတယောက်က ဘီဘီစီ သတင်းထောက်ကို ပြောပါတယ်။
ဒေါ်လာ နှစ်ဆယ့်တစ် ဘီလီယံလောက် မြုပ်နှံ လည်ပတ်နေတဲ့ ဘင်္ဂလားဒေ့ရှ် က အထည်ချုပ် လုပ်ငန်းတွေဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ဘေးအန္တရယ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း အထည်ချုပ်စက်ရုံတွေ ရှိရာ အထပ်မြင့် အဆောက်အဦ ပြိုကျခဲ့တာကြောင့် လူတထောင်ကျော်လောက် သေဆုံးခဲ့ပါတယ်။




