ဆီးရီးယား ညီလာခံ တက်ဖို့ အီရန်ကို ဘန်ကီမွန်း ဖိတ်

ဓာတ်ပုံ ရင်းမြစ်, AFP
အီရန်ကို အခု သီတင်းပတ် ဆွစ်ဇာလန်မှာ ကျင်းပမယ့် ဆီးရီးယား ငြိမ်းချမ်းရေး အစည်းအဝေး ကနဦးဆွေးနွေးပွဲမှာ တက်ရောက်ဖို့ ဖိတ်ကြားခဲ့တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။
ဒီ အရေးမှာ အီရန် ပါဝင်မှာကို အမေရိကန်က ဆန့်ကျင်ပေမယ့် အိမ်နီးချင်း ဆီးရီးယား အရေး ဖြေရှင်းရာမှာ အီရန်က ပါသင့်တယ်လို့ သူပြင်းပြင်းထန်ထန် ယုံကြည်ကြောင်း မစ္စတာ ဘန်က ဆိုပါတယ်။
အခုလို ဖိတ်ကြားမှုကို အီရန် ဖက်က လက်ခံခဲ့ပါတယ်။
ဆီးရီးယားမှာ အသွင်ကူးပြောင်းရေး အစိုးရ ဖွဲ့စည်းဖို့ ကြိုးစားတဲ့ ဒီဆွေးနွေးပွဲမှာ အီရန်က အပြုသဘောဖက်က ပါဝင် သွားမယ်လို့ အီရန် နိုင်ငံခြားရေး ဝန်ကြီးဆီက အာမခံချက် ရခဲ့ကြောင်း မစ္စတာ ဘန်က ပြောပါတယ်။
ဂျီနီဗာ တူးလို့ ခေါ်တဲ့ ဒီညီလာခံကို ဂျီနီဗာမြို့မှာ အကျယ်တဝင့် မကျင်းခင် လာမယ့် ဗုဒ္ဓဟူးနေ့မှာ Montreux မြို့မှာ စတင် ဆွေးနွေးမှာ ဖြစ်ပါတယ်။




