တာလီဘန်ကို စစ်ပွဲအသစ် ပြန်စတော့မယ်လို့ အာဖဂန်ဗိုလ်ချုပ်ဟောင်းက ပြော

    • ရေးသားသူ, လစ်ဇ် ဂျုဆက်
    • ရာထူးတာဝန်, Chief international correspondent

တာလီဘန်တွေကို စစ်ပွဲသစ်ဆင်နွှဲဖို့ သူနဲ့ တခြားစစ်သားဟောင်းတွေ၊ နိုင်ငံရေးသမားတွေ ပြင်ဆင်နေပြီလို့ အာဖဂန်စစ်တပ်မှာ တာဝန်ထမ်းဖူးတဲ့ ဗိုလ်ချုပ်ဟောင်း တယောက်က ပြောပါတယ်။

တာလီဘန်တွေရဲ့ အုပ်ချုပ်မှု ၈ လတာကို ကြည့်ပြီး အာဖဂန်ပြည်သူ အများအပြားဟာ သူတို့လွတ်လပ်ရေးအတွက် စစ်ရေးနည်းနဲ့ ပြန်တိုက်မှသာ ရမယ်ဆိုတာကို ယုံကြည် လက်ခံလာနေကြပြီလို့ ဗိုလ်ချုပ် ဆာမိ ဆဒတ်က ပြောပါတယ်။

အစ္စလာမ် အိဒ်ပွဲတော်ပြီးတဲ့အချိန် နောက်လထဲမှာ စစ်ဆင်ရေးတွေ ပြန်စနိုင်မယ်လို့ ပြောပြီး အဲဒီအချိန်မှာ သူ အာဖဂန်နစ္စတန်ကို ပြန်ဖို့လည်း စီစဉ်ထားပါတယ်။

တာလီဘန်တွေက ထိုးစစ်တွေကို ခပ်မြန်မြန်ဆင်နွှဲပြီး ပြီးခဲ့တဲ့နှစ် သြဂုတ်လပိုင်းမှာ နိုင်ငံတခုလုံးကို ထိန်းချုပ်လိုက်ပါတယ်။

အမေရိကန် ဦးဆောင်တဲ့ နေတိုး မဟာမိတ် တပ်ဖွဲ့တွေ နှစ် ၂၀ ကြာ စစ်ရေးလှုပ်ရှားမှုတွေ အဆုံးသတ်သွားချိန်မှာ တင်းမာတဲ့ အစ္စလာမ်မစ် ဝါဒီတွေက နိုင်ငံတဝန်းကို ၁၀ ရက် လောက်နဲ့ အပြီးသတ် လွှမ်းမိုးနိုင်ခဲ့ပါတယ်။

သူ့အစီအစဉ်နဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ်ထုတ်ဖော်ပြောတာက ဘီဘီစီနဲ့ မေးမြန်းခန်းမှာဖြစ်ပြီး ဗိုလ်ချုပ် ဆဒတ်က "တာလီဘန် လက်အောက်က အာဖဂန်နစ္စတန်လွတ်မြောက်ပြီး ဒီမိုကရေစီစနစ် ပြန်လည်ထူထောင်နိုင်အောင် သူနဲ့ တခြား တိုက်ပွဲဝင်သူတွေ လုပ်နိုင်စွမ်းရှိတာ အားလုံးကို လုပ်သွားမယ်" လို့ ပြောပါတယ်။

"ကျွန်တော်တို့မလွတ်လပ် မချင်း၊ ကျွန်တော်တို့ရဲ့ ရွေးချယ်ပိုင်ခွင့်တွေ မရမချင်း ဆက်ပြီးတိုက်ပွဲဝင်သွားမယ်" လို့ သူက ပြောပါတယ်။ ဘယ်တော့လောက်မှာ ဘာလုပ်မယ်ဆိုတဲ့ အသေးစိတ် အချိန်ဇယားကိုတော့ သူကပြောမသွားပါဘူး။

အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအပေါ်မှာ တင်းကျပ်တဲ့ ကန့်သတ်မှုတွေ အပါအဝင် တာလီဘန်တွေ ပြန်အသက်သွင်းလာတဲ့ ပြင်းထန်တဲ့ အုပ်ချုပ်မှုတွေကို ဗိုလ်ချုပ်က ထောက်ပြရင်း သူတို့ရဲ့ အာဏာရှင်အမိန့်တွေကို တားဆီးဖို့ အချိန်ရောက်နေပြီ၊ နိုင်ငံအတွက် စာမျက်နှစ်သစ် ဖွင့်ဖို့ လုပ်ရတော့မယ်လို့ ဆိုပါတယ်။

"တာလီဘန်တို့ အုပ်ချုပ်တဲ့ ၈ လတာ ကာလအတွင်း အာဖဂန်နစ္စတန်မှာ မြင်နေရတာကတော့ နိုင်ငံရေး ရည်ရွယ်ချက်တွေ အတွက် ဘာသာရေး ကန့်သတ်ချက်တွေတင်းကျပ်တာ၊ ကုရ်အာန် ကျမ်းမြတ်က စာသားတွေကို ရေးထားတဲ့ အမှန်အတိုင်းမဟုတ်ဘဲ တလွဲထုတ်နုတ် ကိုးကားတာ၊ အဓိပ္ပါယ်ကို တလွဲပြန်တာ၊ လိုသလို တလွဲအသုံးချတာတွေကိုပဲ တွေ့နေ ရတယ်။"

တာလီဘန်တွေ ပြောင်းလဲလာမလားလို့ စောင့်ကြည့်မယ့်အချိန်ကို သူ အရင်က ၁၂ လ လို့ စဉ်းစားထားခဲ့သေးတယ်လို့ ဗိုလ်ချုပ် ဟောင်း က ပြောပါတယ်။

"ဒါပေမဲ့ နေ့တိုင်း တာလီဘန်တွေက လူတွေကို နှိပ်စက်နေတာ၊ သတ်ဖြတ်နေတာ၊ အပျောက်ရှင်း နေတာတွေကို တွေ့နေရသလို၊ အစားအစာရှားပါးလာတာ၊ ကလေးတွေ အဟာရဓာတ်ချို့တဲ့လာတာကို တွေ့လာနေရတယ်။"

အာဖဂန်ပြည်သူတွေဆီကနေ သူ့ကို ဘာလုပ်ကြမလဲ မေးတဲ့ မက်ဆေ့ချ်တွေက တနေ့ တနေ့ ထောင်နဲ့ချီပြီး ရောက်လာတယ် လို့လည်း သူက ပြောပါတယ်။

ဒါပေမယ့် စစ်ရဲ့ဒဏ်ကို နှစ် ၄၀ ကျော်ကြာခံစားထားရတဲ့ တိုင်းပြည်မှာ အာဖဂန်အများအပြားက စစ်ကို စိတ်ကုန်နေကြပြီး ပြည်ပကို ထွက်ဖို့၊ ဒါမှမဟုတ် ဆိုးရွားလှတဲ့ စီးပွားရေး အကျပ်အတည်းမှာ ရှင်သန်နိုင်အောင် ရုန်းကန် နေကြရတာပါ။ ဒီနိုင်ငံမှာ သန်းပေါင်းများစွာသော လူတွေ အငတ်ဘေးဆိုက်မယ့်အရေးနဲ့ နီးလာတာနဲ့ အတူ "စစ်ကြောင့် ပင်ပန်း နွမ်းနယ် နေကြပြီ"လို့ ကုလသမဂ္ဂက ပြောနေပါတယ်။

တာလီဘန်တွေကို စစ်ဆင်တဲ့ နေတိုး စစ်ပွဲကို အပြင်းထန်ဆုံး ခံစားခဲ့ရတဲ့ ကျေးလက်ဒေသတွေက ပြည်သူတွေက အမေရိကန်နဲ့ အာဖဂန် တိုက်လေယာဉ်တွေ သူတို့ကောင်းကင်မှာ မရှိတော့တာ၊ တာလီဘန်တွေရဲ့ တိုက်ခိုက်မှုတွေ အဆုံးသတ်သွားတာ စတာတွေနဲ့ အတူ အရင်တုန်းကနဲ့ စာရင် အခုအချိန်မှာ သူတို့ရပ်ရွာ တည်ငြိမ်လာတာကို ကြိုက်ကြပါတယ်။

တာလီဘန် ထိုးစစ်နောက်ဆုံးပိုင်း ကာလတွေမှာ နိုင်ငံတောင်ပိုင်း ဟဲလ်မန်း ပြည်နယ်က အစိုးရတပ်တွေကို ကွပ်ကဲခဲ့ရတဲ့ ဗိုလ်ချုပ် ဆဒတ်ဟာ အရပ်သားတွေ သေခဲ့ရတဲ့ တိုက်ခိုက်မှု တချို့ကို အမိန့်ပေးခဲ့တာလို့ စွပ်စွဲခံထားရသူလည်း ဖြစ်ပါတယ်။ အဲဒီ စွပ်စွဲချက်တွေကို သူက ငြင်းဆိုထားပါတယ်။

မနှစ် သြဂုတ်လအတွင်း တာလီဘန်တို့ ကဘူးလ်ကို ဝင်လာတဲ့နေ့၊ သူ့ရဲ့ စစ်ဦးစီးချုပ် သမ္မတ အာရှက် ဂါနီ နိုင်ငံကနေ ထွက်ပြေးတဲ့နေ့ အဲဒီနေ့မှာ သူဟာ အာဖဂန် အထူးတပ်ဖွဲ့တွေကို ဦးစီးဖို့ တာဝန်ပေးတာခံရပါတယ်။

စစ်ပွဲတွေအစား တခြားရွေးစရာလမ်းမရှိဘူးလားလို့ မေးရာမှာတော့ ဗိုလ်ချုပ် ဆဒတ်က ၁၉၉၀ နှစ်တွေ တဝိုက်ကလို ပြင်းထန် ကြမ်းတမ်းတဲ့ တာလီဘန် အုပ်စိုးမှုမျိုး ပြန်ဖြစ်လာ မှာကို စိတ်မသက်မသာဖြစ်နေကြတဲ့ အလယ်အလတ် သဘောထားကိုင်စွဲသူ တာလီဘန်တွေဟာ အစိုးရသစ်မှာ ပါဝင်လာနိုင်တယ်လို့ သူက ဆိုပါတယ်။

"ကျွန်တော်တို့က တာလီဘန်ကို ဆန့်ကျင်နေတာမဟုတ်ပါဘူး"၊ သူတို့ လက်ရှိအချိန်မှာ ကိုင်စွဲထားတဲ့ "ပြဋ္ဌာန်းစာအုပ်"ကိုသာ ဆန့်ကျင်တာ ဖြစ်ပြီး အာဖဂန်နစ္စတန်ဟာ "လူတိုင်းအတွက် အံဝင်ခွင်ကျဖြစ်ရပါမယ်။ တာလီဘန်တွေ သက်သက် အတွက်သာ ဖြစ်ရမယ်ဆိုတဲ့ နိုင်ငံ မဟုတ်ဘူး" လို့ ဗိုလ်ချုပ် ဆဒတ်က ပြောပါတယ်။

အာဖဂန်နစ္စတန် "ပြန်လည် လွတ်မြောက်ဖို့" ရည်ရွယ်ချက်နဲ့ တာလီဘန်တွေကို လက်နက်ကိုင်တိုက်ဖို့ ဗိုလ်ချုပ်က ပြောကြားတဲ့ အသံဖိုင် တခု ဒီ သီတင်းပတ်တွေအတွင်း မီဒီယာ တွေဆီကို ပေါက်ကြားလာခဲ့ပါတယ်။

အတိတ်မှာတုန်းကတော့ တာလီဘန်အပါအဝင် လက်နက်ကိုင်အဖွဲ့တွေဟာ အိမ်နီးချင်းနိုင်ငံတွေက အကူအညီပေးမှုတွေ၊ နိုင်ငံတွင်းမှာ ခြေကုပ်ယူထားနိုင်တာတွေ၊ နိုင်ငံခြားက ရန်ပုံငွေတွေနဲ့ အာဖဂန်စစ်ပွဲကို အနိုင်ယူခဲ့ကြပါတယ်။

ဗိုလ်ချုပ် ဆဒတ်ရဲ့ မဟာမိတ်တွေက ဘယ်သူတွေလဲ၊ တပ်အင်အား ဘယ်လောက်စုဖွဲ့ထားပြီလဲ၊ တခြားလိုအပ်တဲ့ အရာတွေကော ဘယ်လောက်ရှိနေပြီလဲ ဆိုတာတွေကတော့ ရှင်းရှင်း လင်းလင်းမရှိသေးပါဘူး။

တာလီဘန်တွေကို ဖယ်ရှားဖို့အတွက် အဖွဲ့အမျိုးမျိုးဟာ စုစည်းနေကြပါတယ်။ ဒါပေမယ့် သူတို့ဟာ တိုင်းရင်းသားမျိုးနွယ်စုအပေါ် မူတည်ပြီးကွဲပြားနေကြသလို ယုံကြည်သစ္စာ ထားရာ တပ်မှူးတွေ မတူတဲ့အပေါ်မှာလည်း အဖွဲ့တွေကွဲနေပါတယ်။

ဗိုလ်ချုပ် ဆဒတ်က ထင်ပေါ်တဲ့ လက်နက်ကိုင်အဖွဲ့ထဲက တခုဖြစ်တဲ့ အမျိုးသား တော်လှန်ခုခံစစ် တပ်ဦး (National Resistance Front - NRF) နဲ့ သူ အဆက် အသွယ်ရှိတယ်လို့ ဆိုပါတယ်။ ဒီတပ်ဦးရဲ့ ခေါင်းဆောင်က အာမက် မာဆွတ်ဖြစ်ပြီး သူဟာ အာဖဂန်သမိုင်းမှာ အကျော်ဇေယျ တပ်မှူးတယောက်ဖြစ်တဲ့ အာမက် ရှား မာဆွတ်ရဲ့ သားပါ။

"ကျွန်တော့ နောင်ရင်း အာမက် မာဆွတ်နဲ့ အဆက်အသွယ်မပြတ်ရှိပါတယ်၊ ကျွန်တော်တို့က သူ့ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို ထောက်ခံတယ်၊ ခုခံစစ်ဆင်နွှဲနေကြတဲ့ တခြား လက်နက်ကိုင်အဖွဲ့တွေကိုလည်း ကျွန်တော်တို့ ဆက်သွယ်တာ၊ ထောက်ပံ့ကူညီတာ ရှိပါတယ်" လို့ ထွက်ပေါ်လာတဲ့ အသံဖိုင်ထဲမှာ ဗိုလ်ချုပ် ဆဒတ်က ပြောထားပါတယ်။

မျိုးချစ်တဲ့ အာဖဂန်ပြည်သူတွေက သူတို့လက်နက်ကိုင်ပုန်ကန်ဖို့ အတွက် ရန်ပုံငွေတွေ ကူညီတယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။ နိုင်ငံခြားနိုင်ငံတွေက အထောက်အပံ့မျိုးဘာမှ မရှိသလို၊ ရဖို့လည်း သူတို့ ကြိုးပမ်းသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အာဖဂန် ဗိုလ်ချုပ်တွေထဲမှာ အငယ်ဆုံးလည်းဖြစ်၊ သြဇာလည်းကြီးမားတဲ့သူလည်းဖြစ်တဲ့ အသက် ၃၇ နှစ် အရွယ် ဗိုလ်ချုပ်ဟောင်းဟာ လန်ဒန်နဲ့ အနောက် နိုင်ငံတွေက စစ်တက္ကသိုလ်တွေမှာ သင်ကြားခဲ့သူပါ။ သူပါဝင်ထမ်းရွက်ခဲ့ဖူးတဲ့ အရင်အုပ်ချုပ်ရေးပိုင်းက လုပ်ခဲ့တဲ့အမှားတွေကို သူ့ မျိုးဆက်က လူတွေက သတိပြုမိပါတယ်လို့လည်း သူက ဆိုပါတယ်။

လာဘ်စားတဲ့ အာဖဂန် နိုင်ငံရေးသမားတွေနဲ့ အမေရိကန်ရဲ့ မူဝါဒတွေကြောင့် သူတို့ ကျရှုံးခဲ့တာလို့ သူက ပြောပါတယ်။

အာဖဂန်မှာရှိနေတဲ့ အမေရိကန် စစ်တပ်တွေ ဒရောသောပါး ထွက်ခွာသွားတာက အမေရိကန် အင်အားနည်းတာကို ပြသလိုက်တာဖြစ်ပြီး သမ္မတ ပူတင်ကို ယူကရိန်းထဲဝင်ပြီး ကျူးကျော်ရဲအောင် လုပ်ပေးလိုက်တာလို့ သူက ပြောပါတယ်။

တာလီဘန်တွေ ဘာလို့ ဒီလောက်မြန်မြန်ဆန်ဆန်ကြီး တနိုင်ငံလုံးကို ထိန်းချုပ်သွားနိုင်တာလဲ ဆိုတဲ့ အမေးတွေနဲ့ အတူ အမေရိကန် ဦးဆောင်တဲ့ နေတိုး မဟာမိတ်တပ်တွေ ကသောင်းကနင်း ဆုတ်ခွာတဲ့အပေါ်မှာလည်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

အာဖဂန်အတွက် အဲဒီအခြေအနေတွေက အဆိုးကိုကြုံစေခဲ့ပြီး ဒါတွေဟာ နေတိုး နိုင်ငံတွေက နိုင်ငံရေးသမားတွေ အထူးသဖြင့် သမ္မတ ဘိုင်ဒန်နားက သူတွေကြောင့်လို့ ဗိုလ်ချုပ် ဆဒတ်က အပြစ်ပုံပါတယ်။ အနောက်နိုင်ငံတွေက တပ်မှူးတွေကိုတော့ သူက အပြစ်မယူ ပါဘူး၊ အခုအချိန်ထိလည်း သူက သူတို့နဲ့ အဆက်အသွယ်ရှိဆဲပါ။

ယူကရိန်းက ခုခံစစ်ကို သူက လေးစားကြောင်းပြောပါတယ်။ ဒါပေမယ့် တချိန်ကျရင် နေတိုးက ပစ်ခွာသွားတာကို ခံရနိုင်တယ်လို့ သူက သတိပေးပါတယ်။

"သူတို့ ခိုင်ခိုင်မာမာ ရပ်တည်ထားနိုင်တယ်လို့ ကျွန်တော်ထင်တယ်၊ ဒါပေမယ့် သူတို့ကို ပြောချင်တာက ကိုယ့်ဘာသာကိုယ် ပိုပြီးယုံကြည် ထားစေချင်တယ်၊ ဘာလို့လဲဆိုတော့ နေတိုးနဲ့ တခြားနိုင်ငံတွေ ထောက်ပံ့ပေးနေတာတွေက တချိန်ကျ ရပ်သွားနိုင်လို့ပါ။"

"သူတို့ လိုအပ်တဲ့အချိန်အထိ ကူညီထောက်ပံ့မှုတွေ ဆက်ရနေဖို့ ကျွန်တော်မျှော်လင့်ပါတယ်။"