ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဖဂန်နစ္စတန်- တာလီဘန်ကို အာခံတဲ့ ပန်ရှီးယား တွန်းလှန်မှုကို ဘယ်သူဦးဆောင်နေလဲ
အာဖဂန်နစ္စတန်မှာ တာလီဘန်တွေ မထိန်းချုပ်နိုင်သေးဘဲ နောက်ဆုံး ကျန်နေတဲ့ ပြည်နယ် ပန်ရှီးယား တောင်ကြားကို သူတို့ ဝိုင်းထားပြီလို့ တာလီဘန်တွေက ပြောပါတယ်။
ဒီလိုပြောပေမယ့် ဒေသခံ ပြည်သူ့စစ်တွေနဲ့ အာဖဂန် စစ်တပ်က စစ်သားဟောင်းတွေကတော့ ဘယ်တော့မှ လက်နက်ချမှာ မဟုတ်ဘူးလို့ ပြောကြပါတယ်။
ဒီ တောင်ကြားက တာလီဘန်ကို အာခံတဲ့ တပ်ဖွဲ့တွေကို ဦးဆောင်သူကတော့ အာမက် မာဆုဒ် ဖြစ်ပါတယ်။
အသက် ၃၂ နှစ် ရှိပြီ ဖြစ်ပြီး ယူကေက ဆန်းဟတ်စ် တော်ဝင် စစ်တက္ကသိုလ် ကျောင်းဆင်းတယောက် ဖြစ်ပါတယ်။
ပြီးတော့ သူဟာ ဂန္တဝင်မြောက် တော်လှန်ရေး ခေါင်းဆောင် တဦးဖြစ်တဲ့ အာမက် ရှား မာဆုဒ်ရဲ့ သားလည်း ဖြစ်ပါတယ်။
ဖခင်ဖြစ်သူကတော့ တချိန်က ပန်ရှီးယားက ခြင်္သေ့ကြီးလို့တောင် တင်စားခံခဲ့ရသူ ဖြစ်ပါတယ်။
သူ့ ဒေသအတွက် ၁၉၈၀ ပြည့်လွန်နှစ်တွေအတွင်းမှာ ဆိုဗီယက် ကျူးကျော်မှုရန်ကို တွန်းလှန်ခဲ့သလို ၁၉၉၀ ပြည့်လွန်နှစ်တွေ အတွင်းက တာလီဘန် အစိုးရကိုလည်း တော်လှန်ခဲ့သူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၁ ခုနှစ်က သူဟာ အယ်လ်ကိုင်းဒါး အဖွဲ့ရဲ့ အသေခံ တပ်ဖွဲ့က လုပ်ကြံခံခဲ့ရပါတယ်။
အဲဒီအချိန်က သားဖြစ်သူ အာမက် မာဆုဒ်ဟာ ဆယ်ကျော်သက်အရွယ် ဖြစ်ပါတယ်။
ဗြိတိန်က ဆန်းဟတ်စ် စစ်တက္ကသိုလ်မှာ ပြည်ပ ဗိုလ်လောင်းအဖြစ် တက်ရောက်ခဲ့ပြီး King's College London ကလည်း စစ်ဘက်ဆိုင်ရာ ပညာရပ်များ နဲ့ဘွဲ့ရခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်မှာ အာဖဂန်နစ္စတန်ကို ပြန်လာခဲ့ပါတယ်။
သူဟာ ပြီးခဲ့တဲ့ လကပဲ တာလီဘန် ဆန့်ကျင်ရေး အမျိုးသား တော်လှန်ရေး တပ်ဦး (NRF) ကို ဖွဲ့စည်း တည်ထောင်ခဲ့ပါတယ်။
မာဆုဒ်က ကာဘူးလ်မြို့ တာလီဘန် လက်အောက်ကျသွား အပြီး ပထမဆုံး လုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာ သူ့အနေနဲ့ လက်နက်ချမယ့်အစား အသက်ပဲ အဆုံးခံလိုက်မယ်လို့ ပြောခဲ့ပါတယ်။
ဆက်လက်ပြီး သူဟာ အာမက် ရှား မာဆုဒ်ရဲ့ သား ဖြစ်တယ်၊ လက်နက်ချတယ်ဆိုတဲ့ စကားလုံးဟာ သူ့ အဘိဓာန်ထဲမှာ မရှိဘူးလို့ ဆိုပါတယ်။
အခုဆိုသူဟာ ထောင်နဲ့ ချီတဲ့ ဒေသတွင်း လက်နက်ကိုင် ပြည်သူ့စစ်အဖွဲ့တွေနဲ့ စစ်တပ်က ကြွင်းကျန်ရစ်တဲ့ တပ်ဖွဲ့တချို့ကို ဦးဆောင်နေပြီ ဖြစ်ပါတယ်။
ဒါပေမယ့် အမေရိကန်တပ်တွေ အာဖဂန်နစ္စတန်က ရုပ်သိမ်းသွားခဲ့ပြီး ဖြစ်တာကြောင့် တာလီဘန်တွေကို ရင်ဆိုင်ဖို့ အတွက် သူတို့ တပ်ဖွဲ့တွေကို နိုင်ငံတကာကနေ အကူအညီတွေ ပေးကြဖို့အတွက် တောင်းဆိုနေပါတယ်။