အာဖဂန်နစ္စတန် - ရှရီယာ ဥပဒေ ဆိုတာက ဘာပါလဲ

ရှရီယာလို့ခေါ်တဲ့ အစ္စလာမ်မစ်ဥပဒေနဲ့ အာဖဂန်နစ္စတန်ကို အုပ်ချုပ်မယ်လို့ တာလီဘန်တွေက ပြောပါတယ်။

တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ်က မီဒီယာတွေ၊ အမျိုးသမီးအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ပြောရာမှာ "အစ္စလာမ်မစ် ဥပဒေဘောင်အတွင်းက" အခွင့်အရေးတွေကို အလေးထား အကာအကွယ်ပေးသွားမယ်လို့ ဆိုပါတယ်၊ ဒါပေမယ့် လက်တွေ့မှာ အဲဒါတွေက ဘယ်လို ဖြစ်လာမှာလဲဆိုတာကို အသေးစိတ် ပြောမသွားပါဘူး။

တာလီဘန်တွေဟာ ရှာရီယာဥပဒေကို အဓိပ္ပါယ်ဖွင့်တဲ့နေရာမှာ သူတို့ရဲ့ တင်းကျပ်တဲ့ပုံစံနဲ့ ဖွင့်ဆိုခဲ့ကြတယ်လို့ အများကသတ်မှတ်ခဲ့ကြတာပါ။ လူသတ်သမားတွေ၊ အိမ်ထောင်ရေးဖောက်ပြန်သူတွေကို လူအများမြင်ကွင်းရှေ့မှာ သတ်ဖြတ်စီရင်တာတွေ အပါအဝင် ရက်စက် ကြမ်းတမ်းတဲ့ ပြစ်ဒဏ်စီရင်မှုတွေကိုလုပ်ခဲ့ ကြပါတယ်။

ရှာရီယာဆိုတာဘာလဲ

ရှရီယာဆိုတာ အစ္စလာမ်ဘာသာရဲ့ ဥပဒေ စနစ်ပါ။

ဒီဥပဒေဟာ အစ္စလာမ်ဘာသာရေးကျမ်း ကုရ်အာန်က ဆင်းသက်လာသလို၊ စွန်နာနဲ့ ဟဒီးစ်လို့ခေါ်တဲ့ တမန်တော် မိုဟာမက်ရဲ့ ပြုမူဆောင်ရွက်မှုတွေ၊ ပြောဆိုချက်တွေကနေလည်း ဆင်းသက် လာတာပါ။

တကယ်လို့ အဖြေကအဲဒီတွေကနေ တိုက်ရိုက်မဆင်းသက်လာတာမျိုးဆိုရင်၊ သာသာရေး ပညာရှင်တွေက သီးခြားကိစ္စ ဒါမှမဟုတ် သီးခြားမေးခွန်းတွေအပေါ် ညွှန်ကြားချက်ပေးပြီး ဆုံးဖြတ်ချက်ကို ဘယ်လိုလုပ်ဖို့ဆိုတာကို လမ်းညွှန်နိုင်ပါတယ်။

ရှရီယာဥပဒေဟာ မွတ်စလင်တွေ ဝတ်ပြုတာ၊ အစာငတ်ခံ ဥပုသ်စောင့်တာ၊ ဆင်းရဲသူတွေကို လှူဒါန်းတာ စတာတွေအပါအဝင် ဘဝနေထိုင်ပုံမှာ ကျင့်သုံးလိုက်နာဖို့အတွက် လမ်းညွှန် ပါတယ်။

ဘုရားသခင်ရဲ့ ဆန္ဒနဲ့အညီ သူတို့ ဘဝနေထိုင်မှုကို ဘယ်လိုလုပ်ဆောင်သွားရမလဲ ဆိုတာကို မွတ်စလင်တိုင်း နားလည်စေဖို့ ဒီဥပဒေက ရည်ရွယ်တာပါ။

မွတ်စလင်တယောက်ရဲ့ နေ့စဉ်ဘဝလုပ်ဆောင်မှုတိုင်းကို ရှရီယာက အကြံပြုနိုင်ပါတယ်။

ဥပမာအားဖြင့် မွတ်စလင်တယောက်ဟာ သူ့လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေက အလုပ်ပြီးလို့ ဘားဆိုင်ကိုသွားမယ်လို့ ဖိတ်တဲ့အခါ၊ တကယ်လို့ သွားမယ်ဆိုရင် ဒါဟာ ဘာသာရေး ခွင့်ပြုချက်ဘောင် အတွင်းမှာရှိလား၊ မရှိဘူးလားဆိုတာကို ရှရီယာ ပညာရှင်တယောက်ဆီက အကြံပြုချက်ကို ယူနိုင်ပါတယ်။

နေ့စဉ်ဘဝနဲ့ ပတ်သက်တဲ့ မိသားစု ဥပဒေဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ စတာတွေအပါအဝင် လမ်းညွှန်ချက်တွေကို မွတ်စလင်တွေအနေနဲ့ ရှရီယာကို ကိုးကား လုပ်ဆောင်နိုင်ပါတယ်။

ပြင်းထန်တဲ့ စီရင်မှုတွေက ဘယ်လိုဟာတွေလဲ

ကျူးလွန်တာတွေနဲ့ပတ်သက်ပြီး ရှရီယာဥပဒေမှာ အမျိုးအစား ၂ မျိုးခွဲထားပါတယ်။ ကြီးမားတဲ့ ရာဇဝတ်မှုမျိုးကို ဟဒ် ကျူးလွန်မှုတွေလို့ သတ်မှတ်ပြီး သတ်မှတ်ထားတဲ့ ပြစ်ဒဏ်စီရင်မှုတွေ ရှိပါတယ်။ သာဇီရ်ဆိုတဲ့ အမျိုးအစားထဲမှာဝင်တဲ့ ရာဇဝတ်မှုတွေကိုတော့ တရားသူကြီးရဲ့ ဆင်ခြင်မှုနဲ့ စီရင်ဆုံးဖြတ်ပါတယ်။

ဟဒ် ကျူးလွန်မှုတွေထဲမှာ ခိုးမှုပါဝင်ပြီး ရှရီယာကို အတင်းကျပ်ဆုံး ဘာသာပြန်တာနဲ့ စီရင်မယ် ဆိုရင် ကျူးလွန်သူကို လက်ဖြတ်တဲ့အထိ အရေးယူနိုင်ပါတယ်။

ဟဒ်ကျူးလွန်မှုတွေအတွက် အပြစ်ပေးလို့မရအောင် အကာအကွယ်အစီအမံတွေ အများကြီး ရှိပါတယ်၊ သက်သေခိုင်မာဖို့လည်း အထောက်အထားတွေ အသေအချာရှိဖို့လိုပါတယ်။

ဒီလို ဟဒ်ကျူးလွန်မှုတွေကို ပြစ်ဒဏ်ပေးတာ အပြင်းအထန်ပေးရမယ်ဆိုတဲ့ သဘောထားက မွတ်စလင်တွေကြားမှာ တနိုင်ငံနဲ့ တနိုင်ငံ မတူညီကြဘဲ တော်တော်ကွဲပြားတယ်ဆိုတဲ့ ဆန်းစစ်ချက်တွေ ရှိပါတယ်။

ဆုံးဖြတ်ချက်က ဘယ်လိုလုပ်ကြသလဲ

ဥပဒေစနစ်တိုင်းလိုပဲ ရှရီယာကလည်း ရှုပ်ထွေးများမြောင်ပါတယ်။ ရှရီယာကို ကျင့်သုံးပုံက သက်ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အရည်အသွေးနဲ့ လေ့ကျင့်သင်ကြားတတ်မြောက်မှုတို့ အပေါ်မှာ လုံးလုံးလျားလျား မူတည်ပါတယ်။

အစ္စလာမ်မစ် တရားသူကြီးတွေက လမ်းညွှန်ချက်တွေ၊ ဆုံးဖြတ်ချက်တွေကို ပေးပါတယ်။ ဥပဒေအရ ဆုံးဖြတ်လိုက်တဲ့ လမ်းညွှန်ချက်ဆိုရင် ဖသ်ဝါလို့ ခေါ်ပါတယ်။

ရှရီယာဥပဒေနဲ့ ပတ်သက်ပြီး ကျောင်းတော် ၅ ခုကွဲပြားပါတယ်။ စွန်နီ အစ္စလာမ်မှာ အယူမူကွဲ ၄ မျိုးက ဟန်ဗလီ၊ မာလီကီ၊ ရှာဖီအီ၊ ဟန်နဖီ တို့ဖြစ်ပြီး၊ ရှီအာ အစ္စလာမ်မှာ ရှီအာ ဂျာဖရီ အယူဆိုတာ ရှိပါတယ်။

ရှရီယာဥပဒေက ဆင်းသက်လာတဲ့ စကားလုံးတွေကို ပြန်ဆိုမှုကွဲတာအပေါ်မူတည်ပြီး မူကွဲ ၅ ခု ကွဲပြားလာတာပါ။