ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ရေးထိပ်တိုက်ရင်ဆိုင်တဲ့ အိပ်မက်ဆိုးတွေ ပြန်မက်လာရနိုင်တယ်လို့ ရုရှား သတိပေး
ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လက်ဘရော့ဗ်က ဥရောပတိုက်မှာ စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်တဲ့ အိပ်မက်ဆိုးတွေ ပြန်မက်လာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။
ဆွီဒင်မှာ ကျင်းပတဲ့ ဥရောပလုံခြုံရေး ဆိုင်ရာ ညီလာခံမှာ မစ္စတာ လက်ဘရော့ဗ်က နေတိုးအဖွဲ့ အရှေ့ဘက်ကို တိုးချဲ့လာနေတာကို တားဆီးနိုင်ဖို့ အတွက် ဥရောပ လုံခြုံရေး ဆိုင်ရာ မဟာမိတ်အဖွဲ့တခု အသစ်ဖွဲ့ဖို့ အကြံပြုခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်ကလည်း တကယ်လို့ ရုရှားဘက်က ယူကရိန်းထဲမှာ စစ်ပြုဖို့ လုပ်လာမယ်ဆိုရင် မလိုလားအပ်တဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်လာရနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
ရုရှားက ယူကရိန်းနဲ့ နယ်စပ်အနီးမှာ စစ်အင်အား တိုးချဲ့မှုတွေ လုပ်လာချိန်မှာပဲ ဒီညီလာခံကို ကျင်းပတာ ဖြစ်ပါတယ်။
ယူကရိန်းက ရုရှားဟာ တပ်ဖွဲ့ဝင်အင်အား ၉၀,၀၀၀ ကျော် ချထားပြီ ဖြစ်တယ်လို့ ပြောပါတယ်။ ရုရှားက ယူကရိန်းကို တိုက်ဖို့ ပြင်ဆင်နေတယ်ဆိုတာကို ငြင်းဆန်ခဲ့သလို ယူကရိန်းဘက်ကသာ စစ်အင်အားတွေ တိုးချဲ့နေတာလို့ ပြန်စွပ်စွဲပါတယ်။
တင်းမာမှုတွေ မြင့်တက်လာနေတဲ့ ကြားမှာပဲ ကြာသပတေးနေ့က ယူကရိန်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေလို့ သံသယရှိတဲ့ လူ ၃ ယောက်ကို ဖမ်းလိုက်တယ်လို့ ရုရှားက ပြောပါတယ်။
ရုရှား ပြည်ထောင်စု လုံခြုံရေး ဌာနက အဲဒီထဲက တယောက် အကြမ်းဖက် တိုက်ခိုက်မှု လုပ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပြီး ကျန် ၂ ယောက်ကတော့ သတင်းထောက်လှမ်းဖို့ ရောက်လာကြတာ ဖြစ်တယ်လို့ ပြောပါတယ်။
မစ္စတာ လက်ဘရော့ဗ်နဲ့ မစ္စတာ ဘလင်ကင်တို့ဟာ ဥရော လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OSCE) ညီလာခံအတွင်း တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။
အမေရိကန် အရာရှိတွေကတော့ ယူကရိန်း အရေးအတွက် နှစ်ဖက် ဆွေးနွေးမှုတွေ ဆက်လုပ်သွားဖို့ သဘောတူခဲ့ကြကြောင်း ပြောပါတယ်။
မစ္စတာ ဘလင်ကင်ကလည်း မကြာခင် အတွင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒဲန်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်တို့အကြား တိုက်ရိုက် ဆက်သွယ် ဆွေးနွေးမှုတွေ ရှိလာနိုင်တယ်လို့ အရိပ်အမြွက် ပြောထားပါတယ်။
Interfax သတင်းဌာနကတော့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပူတင်-ဘိုင်ဒဲန် ထိပ်သီးဆွေးနွေးပွဲ မကြာခင် ရက်ပိုင်းတွေအတွင်းမှာ ကျင်းပနိုင်မယ်လို့ မျှော်လင့်ထားကြောင်း၊ ရက်တော့ မသတ်မှတ်ရသေးကြောင်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်းက ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ ထိပ်သီး ဆွေးနွေးပွဲမှာလည်း နှစ်ဖက် ခေါင်းဆောင်တွေအကြား ယူကရိန်း နယ်စပ်အနီး ရုရှား စစ်အင်အား တိုးချဲ့ချထားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါသေးတယ်။
ဒီသီတင်းပတ် အစောပိုင်းတုန်းကလည်း သမ္မတ ပူတင်က ရုရှားအနေနဲ့ နေတိုး အဖွဲ့ဝင်မဟုတ်တဲ့ ယူကရိန်းမှာ နေတိုးရဲ့ အင်အားကို ကန့်သတ်ဖို့ အမေရိကန်ရဲ့ အာမခံချက် ရဖို့ လုပ်မယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် ကြာသပတေးနေ့မှာပဲ မစ္စတာ လက်ဘရော့ဗ်က သူ့ မိန့်ခွန်းထဲမှာ တင်းမာမှုတွေ လျှော့ချနိုင်ဖို့နဲ့ အန္တရာယ်ကြီးတဲ့ အဖြစ်အပျက်တွေက ရှောင်ရှားနိုင်ရေးအတွက် အပြုသဘော ကမ်းလှမ်းမှုတွေကို နေတိုးဘက်က လက်ခံဖို့ ငြင်းဆိုနေတယ်လို့ ထည့်ပြောကြားခဲ့ပါတယ်။
ဒီစစ်ရေး မဟာမိတ်တွေရဲ့ အခြေခံအဆောက်အအုံတွေကို ရိုမေးနီးယားနဲ့ ပိုလန် တို့နဲ့ ထိစပ်နေတဲ့ ရုရှား နယ်စပ်မှာ တာဝန်မဲ့စွာ တိုးချဲ့ တည်ဆောက်လာနေတာကို တွေ့ရကြောင်း၊ တိုက်ခိုက်ရေးအတွက်ပါ သုံးနိုင်တဲ့ ဒုံးခွင်းဒုံးစနစ်တွေကိုလည်း တပ်ဆင်လာတဲ့ အကြောင်း ပြောပါတယ်။
အမေရိကန်ဘက်က တာလတ်ပစ် ဒုံးကျည်တွေ ဥရောပမြေပေါ်မှာ ပြန်တွေ့လာရတော့မယ်၊ တချိန်က စစ်ရေး ထိပ်တိုက်ရင်ဆိုင်ခဲ့ကြရတဲ့ အိပ်မက်ဆိုးကြီးကို ပြန်မက်ရတော့မယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး နေတိုးအနေနဲ့ ယူကရိန်းလို ရုရှားရဲ့ အိမ်နီးချင်း နိုင်ငံတွေကို ထိပ်တိုက်ရင်ဆိုင်ရေးအတွက် ခြေကုပ်စခန်းတွေအဖြစ် မလုပ်ကြဖို့ သတိပေးခဲ့သလို ရုရှားရဲ့ ဥရောပ လုံခြုံရေး ဆိုင်ရာ မဟာမိတ်အဖွဲ့သစ် ဖွဲ့စည်းဖို့ အဆိုကိုလည်း အလေးထား စဥ်းစားကြမယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဘလင်ကင်ကလည်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးနဲ့ ပူးတွဲပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေကို ရှောင်နိုင်ဖို့ အကောင်းဆုံးနည်းကတော့ သံတမန်ရေးပဲ ဖြစ်ကြောင်းနဲ့ ရုရှားကိုလည်း သူ့တပ်ဖွဲ့တွေ ပြန်ရုပ်သိမ်းပေးဖို့ တိုက်တွန်း သွားခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စုဘက်က အပြုသဘော ဆောင်ရွက်ပေးဖို့ အသင့်ဖြစ်ကြောင်း၊ တကယ်လို့ ရုရှားဘက်က ထိပ်တိုက်ရင်ဆိုင်မယ့် လမ်းကိုပဲ ဆက်သွားနေမယ်ဆိုရင်တော့ ဆိုးဝါးတဲ့ အကျိုးဆက်တွေ ကြုံလာရနိုင်ကြောင်း ပြောပါတယ်။
ဗုဒ္ဓဟူးနေ့ကတော့ ယူကရိန်း သမ္မတ ဗလိုဒီမြာ ဇလဲန်းစကီးက ရုရှားကို တိုက်ရိုက်ဆက်သွယ်ပြီး ၇ နှစ်ကျော်လာပြီ ဖြစ်တဲ့ ယူကရိန်းအရှေ့ပိုင်းက ရုရှား ထောက်ပံ့နေတဲ့ ခွဲထွက်ရေး သမားတွေနဲ့ ဖြစ်နေတဲ့ စစ်ပွဲကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။
သူက ကိယဗ်ရဲ့ ရည်မှန်းချက်က ပြီးခဲ့တဲ့ ၂၀၁၄ က ရုရှားက ခွဲထုတ်သွားခဲ့တဲ့ ခရိုင်းမီးယား လွတ်မြောက်ရေး ပဲ ဖြစ်တယ်လို့ ပြောပေမယ့် အင်အားသုံးမယ့် ကိစ္စကိုတော့ ပြောမသွားခဲ့ပါဘူး။
ယူကရိန်း အရှေ့ပိုင်းက လူဟန့်စ်ခ်နဲ့ ဒေါညက်စ်ခ်ဒေသတွေအနီးက ခွဲထွက်ရေး သမားတွေ ထိန်းချုပ်ထားတဲ့ ဒေါန်ဘတ်စ် ဒေသ အနီးမှာလည်း စစ်အင်အားတွေ တိုးချဲ့ ချထားနေပါတယ်။