ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗြိတိသျှ စစ်သင်္ဘောကို ရုရှားက သတိပေးပစ်ခတ်တာတွေ လုပ်ခဲ့လား
ပင်လယ်နက်ထဲမှာ ဗြိတိသျှ ဖျက်သင်္ဘော HMS Defender ကို ခြောက်လှန့် တဲ့ ပစ်ခတ်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ဗြိတိန်ဘက်က ငြင်းဆိုလိုက်ပါတယ်။
HMS Defender ကို ပစ်မှတ်ထားတဲ့ သတိပေးပစ်ခတ်မှုမျိုး မရှိခဲ့ဘူးလို့ ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မော်စကိုကတော့ ခရိုင်းမီးယားအနီး ရုရှား ရေပိုင်နက်ထဲ ဝင်လာတဲ့ ဗြိတိသျှ စစ်သင်္ဘောကို ခြောက်လှန့် ပစ်ခတ်ခဲ့တယ်လို့ ပြောထားပါတယ်။
ရုရှားကင်းလှည့်ယာဥ်က သတိပေး ပစ်ခတ်တာတွေ လုပ်ခဲ့တဲ့ အပြင်၊ ရုရှား ဂျက်တိုက်လေယာဥ် တစ်စင်းကပါ ဗြိတိသျှ စစ်သင်္ဘော ဦးတည်ရာ လမ်းကြောင်းပေါ် ဗုံးတွေကြဲချခဲ့တယ် ဆိုတဲ့ အထိ မော်စကိုဘက်က ပြောနေပါတယ်။
ဗြိတိန်ဘက်ကတော့ HMS Defender ရုရှားရေပိုင်နက်ထဲ ဝင်တယ်ဆိုတဲ့ အချက်ကို ငြင်းပယ်သလို၊ ပစ်မှတ်ထား သတိပေး ပစ်ခတ် ခံရတာတွေလည်း မရှိခဲ့ဘူးလို့ ဆိုတဲ့ အပြင် HMS Defender ဟာ ယူကရိန်း ရေပြင်မှာ သွားနေတာဖြစ်တယ်လို့ ဆိုပါတယ်။
HMS Defender ရှိနေတဲ့ နေရာဟာ နိုင်ငံတကာ ရေကြောင်းသွားလာရေး လမ်းကြောင်းအဖြစ် အသိအမှတ်ပြုတဲ့ နေရာမှာ ဖြစ်ပြီး၊ ပုံမှန် ဖြတ်သန်းနေကြ ခရီးအဖြစ် ခုတ်မောင်းနေတာသာ ဖြစ်တယ်လို့ ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီး ဘင်ဝေါလေ့စ်က ပြောပါတယ်။
HMS Defender ဟာ ပစ်မှတ် ရှာဖွေ ချေမှုန်းနိုင်တဲ့ ဝေဟင်ပစ် ဒုံး စနစ်၊ ဒုံးခွင်းဒုံး စနစ်တွေ တပ်ဆင်ထားတဲ့ အမျိုးအစား အမှတ် ၄၅ အဖြစ် သတ်မှတ်ထားတဲ့ တော်ဝင်ရေတပ် စစ်သင်္ဘော ဖြစ်ပါတယ်။
အဲဒီ သင်္ဘောဟာ လေယာဥ်တင် စစ်သင်္ဘောကြီးနဲ့ ခြံရံလိုက်ပါရတဲ့ သင်္ဘောအုပ်စုတွေထဲက အစိတ်အပိုင်း တစ်ရပ်လည်း ဖြစ်ပြီး ပင်လယ်နက်မှာ နေရာချထားတယ်လို့ တော်ဝင်ရေတပ် ဝက်ဘ်ဆိုက်စာမျက်နှာမှာ ရေးသားထားပါတယ်။
HMS Defender နောက်ကို ရုရှား ရေယာဥ်တွေ နောက်ယောင်ခံ လိုက်ပါနေခဲ့တာကို သတိပြုမိတယ်လို့ ဝန်ကြီး ဝေါလေ့စ်က ပြောပြီး၊ အဲဒီ ပင်လယ်နက် ဒေသတွင်းမှာ ရုရှားက လက်နက်ကြီး ပစ်ခတ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေတဲ့ အကြောင်းလည်း သိထားတယ်လို့ ဆိုပါတယ်။
အဲဒီလို ပင်လယ်ပြင် စစ်ရေးလေ့ကျင့်တဲ့အခါ လုပ်ရိုးလုပ်စဥ်ဖြစ်တဲ့ ကြိုတင် သတိပေး ပစ်ခတ်တာတွေ ရုရှားက လုပ်ခဲ့ပြီး၊ ဒါဟာ ဗြိတိသျှ စစ်သင်္ဘောကို ပစ်မှတ်ထားပြီး ခြောက်လှန့် ပစ်ခတ်တာ မဟုတ်ဘူးလို့လည်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီးက ဆိုပါတယ်။
HMS Defender ရဲ့ လမ်းကြောင်း ပေါ် ရုရှားက ဗုံးကြဲခဲ့တယ် ဆိုတဲ့ ပြောဆိုချက်ကိုတော့ ဗြိတိန်ဘက်က ပယ်ချပါတယ်။
အခင်းဖြစ်ရာနေရာဟာ ခရိုင်းမီးယား တောင်ပိုင်း၊ ဖီအိုလင့်အငူ အနီးမှာ ဖြစ်ပြီး သတိပေး ပစ်ခတ်တဲ့ အခါ၊ ဗြိတိသျှ သင်္ဘော လမ်းကြောင်းပြောင်း ခုတ်မောင်းသွားတယ်လို့ ရုရှား သတင်းဌာနတွေက ရေးနေပါတယ်။ယူကရိန်းထဲက ခရိုင်းမီးယားနယ်ကို ရုရှားက သူတို့ပိုင်အဖြစ် ၂၀၁၄ တုန်းက ထည့်သွင်း ပေါင်းစည်းခဲ့ပေမယ့် နိုင်ငံတကာ အသိအမှတ်ပြုမှု မရခဲ့ပါဘူး။
အခု HMS Defender အရေးနဲ့ ပတ်သက်ပြီး မော်စကို ဗြိတိန်သံရုံးက စစ်သံမှူးကို ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ဆင့်ခေါ်တယ် ဆိုတဲ့ ရုရှားက လာတဲ့ သတင်းတွေလည်း ရှိနေပါတယ်။