ယူကေနိုင်ငံက နိုင်ငံခြားအကူအညီ လျှော့ချမှုကြောင့် ဘယ်လိုသက်ရောက်နိုင်သလဲ

ယူကေနိုင်ငံဟာ မြန်မာနိုင်ငံပါဝင်တဲ့ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး စာရင်းဝင် ၄၅ နိုင်ငံအပါအဝင် နိုင်ငံခြားအကူအညီ လိုအပ်တဲ့ အခြေအနေရှိနိုင်တယ်ဆိုပြီး နိုင်ငံ့ဝင်ငွေအရ သတ်မှတ်တဲ့ အောက်တန်း အလယ်အလတ် နိုင်ငံ အတော်များများအတွက် နိုင်ငံခြားအကူအညီပေးဖို့ နှစ်စဉ်ရန်ပုံငွေ လျာထားမှုတွေကို လျှော့ချခဲ့တဲ့အတွက် ဝေဖန်ခံရမှုတွေ ရှိလာခဲ့ပါတယ်။

ယူကေနိုင်ငံဟာ တိုင်းပြည်ဝင်ငွေရဲ့ ဝ.၇ ရာခိုင်နှုန်းကို အခုလို နိုင်ငံခြားအလှူငွေအတွက် နှစ်စဉ် ရန်ပုံငွေ လျာထားနေရာက ဝ.၅ ရာခိုင်နှုန်းပဲ လျာထားဖို့ ဆုံးဖြတ်တာ ဖြစ်တဲ့အတွက် ၃၀ ရာခိုင်နှုန်းနီးပါး ဖြတ်တောက်မှုလည်း ဖြစ်ပါတယ်။

ယူကေနိုင်ငံက နိုင်ငံခြားအကူအညီအတွက် နှစ်စဉ် ဘယ်လောက်သုံးနေခဲ့သလဲ

ကုလသမဂ္ဂဟာ ၁၉၇၀ နှောင်းပိုင်းလောက်က စပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေက သူတို့နှစ်စဉ်ဝင်ငွေရဲ့ ဝ.၇ ရာခိုင်နှုန်းကို တခြားလိုအပ်တဲ့ နိုင်ငံတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရားဝင်အကူအညီ ပေးဖို့ အစီအစဉ်ချလာခဲ့ပါတယ်။

၂၀၁၅ မှာတော့ ဒီအစီအစဉ်ကို ဥပဒေသဖွယ် အတည်ပြုနိုင်ခဲ့ရာမှာ အခုလို နိုင်ငံခြားအလှူငွေပေးရမယ့် ၂၈ နိုင်ငံထဲမှာ ယူကေနိုင်ငံလည်း အပါအဝင် ဖြစ်ပါတယ်။

နိုင်ငံရဲ့ နှစ်စဉ်ဝင်ငွေပေါ်မှာ အခြေခံတဲ့ ဖြစ်တဲ့အတွက် ယူကေရဲ့ နှစ်စဉ် နိုင်ငံခြားအကူအညီက အတက်ဘက်မှာ ရှိနေခဲ့တာကိုလည်း တွေ့ရပါတယ်။

ယူကေနိုင်ငံဟာ ကုလသမဂ္ဂရဲ့ ၂၀၁၅ အစီအစဉ် အတည်မပြုခင် ၂၀၁၃ ခုနှစ်က စတင်ပြီး အဲဒီ နိုင်ငံနှစ်စဉ်ဝင်ငွေ ဝ.၇ ရာခိုင်နှုန်း နိုင်ငံခြားအကူအညီပေးရမယ့် ရည်မှန်းချက်ကို ပြည့်မီခဲ့တာကို တွေ့ရပါတယ်။

အခုလို ပြည့်မီခဲ့တဲ့ ၂၀၁၃ ခုနှစ် ယူကေရဲ့ နိုင်ငံခြားအကူအညီက ၁၁.၅ ဘီလျံ ပေါင် ရှိခဲ့ပြီး ၂၀၁၉ နိုင်ငံခြား အကူအညီကတော့ နိုင်ငံရဲ့ဝင်ငွေ အတက်ရှိတာကြောင့် ၁၅.၂ ဘီလျံ ပေါင် အထိ စံချိန်တင် များပြားခဲ့ပါတယ်။

အခုလို ၂၀၁၃ ခုနှစ်ကစပြီး အတက်ဘက်မှာပဲ ရှိတဲ့ ယူကေရဲ့ နိုင်ငံခြားအကူအညီဟာ ၂၀၂၀ မှာ ပထမဆုံး ကျဆင်းမှု ဖြစ်ခဲ့ပြီး ကိုဗစ်ကပ်ရောဂါ အခြေအနေကြောင့် ယူကေ စီးပွားရေး ထိခိုက်မှုက အရင်းခံ ဖြစ်ခဲ့ပါတယ်။

အခုလို အခြေအနေကြောင့် ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလမှာ ယူကေအစိုးရက သူ့ရဲ့ အစိုးရသုံးငွေ သုံးသပ်ချက် စစ်တမ်းကောက်ယူမှုအတွင်း ၂၀၂၁ ခုနှစ်အတွက် နိုင်ငံခြားအကူအညီကို တိုင်းပြည်ဝင်ငွေရဲ့ ဝ.၅ ရာခိုင်နှုန်းအထိပဲ ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမယ့် ယူကေရဲ့ နှစ်စဉ်ဝင်ငွေ အပေါ် မူတည်ပြီး နိုင်ငံခြားအကူအညီကို ဝ.၇ ရာခိုင်နှုန်းပြည့်အောင် ပြန်ပေးဖို့ ရည်ရွယ်ပါတယ်လို့လည်း ယူကေရဲ့ ဘဏ္ဍာရေးဝန်ကြီး ရီရှီ ဆူးနက်က ပြောဆိုခဲ့ပါတယ်။

ယူကေရဲ့ နိုင်ငံခြားအကူအညီအပေါ် နှိုင်းယှဉ်လေ့လာချက်

ယူကေနိုင်ငံဟာ G7 ၇ နိုင်ငံထဲမှာ ဂျာမနီနိုင်ငံပြီးရင် ဒုတိယမြောက် နိုင်ငံခြားအကူအညီ ပေးနေတဲ့ နိုင်ငံဖြစ်တာကို တွေ့ရပါတယ်။

ဒါ့အပြင် အဲဒီ ၇ နိုင်ငံထဲမှာ နိုင်ငံနှစ်စဉ် ဝင်ငွေရဲ့ ဝ.၇ ရာခိုင်နှုန်း ပြည့်မီအောင် နိုင်ငံခြားအကူအညီပေးနေတဲ့ နှစ်နိုင်ငံထဲက တနိုင်ငံလည်း ဖြစ်ပါတယ်။

ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး အမေရိကန်နိုင်ငံဆိုရင် G7 နိုင်ငံတွေထဲမှာ ဝင်ငွေ ရာခိုင်နှုန်းအလိုက် နိုင်ငံခြားအကူအညီပေးမှု အနည်းဆုံးဖြစ်နေတာကို တွေ့ရပြီး နှစ်စဉ်ဝင်ငွေရဲ့ ဝ.၁၇ ရာခိုင်နှုန်းကိုသာ နိုင်ငံခြားအကူအညီအဖြစ် ပေးတာကို တွေ့ရပါတယ်။

ဒါပေမယ့် အမေရိကန်ရဲ့ စီးပွားရေးအင်အားနဲ့ ဝင်ငွေကြောင့် ပမာဏအားဖြင့် ဆိုရင်တော့ ယူကေထက်များတာကို တွေ့ရပါတယ်။

အမေရိကန်ရဲ့ ၂၀၂၀ နိုင်ငံခြားအကူအညီ အမေရိကန်ဒေါ်လာ ဘီလျံ ၄၀ ဟာ ပေါင်စတာလင်ငွေနဲ့ ဆိုရင် ၂၈ ဘီလျံပေါင် ရှိတာကို တွေ့ရပြီး ယူကေရဲ့ ၂၀၂၀ နိုင်ငံခြားအလှူငွေ ၁၄.၅ ဘီလျံပေါင်ထက် နှစ်ဆ နီးပါးများတာကို တွေ့ရပါတယ်။

G7 အတွင်းက ဂျာမနီနဲ့ ယူကေတို့လိုပဲ နိုင်ငံနှစ်စဉ်ဝင်ငွေရဲ့ ဝ.၇ ရာခိုင်နှုန်း နိုင်ငံခြားအကူအညီ ပေးမယ်ဆိုတဲ့ ကတိကဝတ်ကို ပြည့်မှီခဲ့တဲ့ နိုင်ငံတွေထဲမှာ ဒိန်းမိတ် (ဝ.၇၃%)၊ နော်ဝေး(၁.၁၁%)နဲ့ ဆွီဒင်(၁.၁၄%) တို့ ဖြစ်ကြပါတယ်။

၂၀၂၀ ခုနှစ်အတွက် နိုင်ငံဝင်ငွေရဲ့ ဝ.၅၃ ရာခိုင်နှုန်းကို နိုင်ငံခြား အကူအညီ ပေးခဲ့တဲ့ ပြင်သစ်နိုင်ငံကတော့ ၂၀၂၅ မှာ ဝ.၇ ရာခိုင်နှုန်း အထိ တိုးပေးနိုင်ဖို့ ရည်မှန်းနေတယ်လို့ ပြောဆိုထားပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း နိုင်ငံခြားအကူအညီ ထပ်တိုးမယ်လို့ ပြောဆိုထားပါတယ်။

ယူကေရဲ့ နိုင်ငံခြားအကူအညီက ဘယ်နေရာတွေကို အဓိကပေးသလဲ

ယူကေနိုင်ငံဟာ လောလောဆယ်မှာ ကမ္ဘာအနှံ့က ရာနဲ့ချီတဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေကို နိုင်ငံခြားအကူအညီတွေ ပေးအပ်နေပါတယ်။

အခုလို ပေးအပ်နေရာမှာ ပြီးခဲ့တဲ့ ၂၀၂၀ အတွင်း ပေးအပ်ခဲ့တဲ့ အလှူငွေ ၅၅ ရာခိုင်နှုန်းကျော်က အာဖရိကဒေသကို ရောက်ရှိခဲ့ပြီး အခြားနိုင်ငံတွေနဲ့အတူ စုပေါင်းလှူဒါန်းတာထက် ယူကေတစ်နိုင်ငံတည်းက တခြားတစ်နိုင်ငံကို သီးသန့်ပေးတဲ့ နိုင်ငံခြားအကူအညီ ပုံစံမျိုး အများစု ဖြစ်ခဲ့ပါတယ်။

နောက်ထပ် ၃၉ ရာခိုင်နှုန်းသော ယူကေရဲ့ နိုင်ငံခြားအကူအညီတွေကတော့ အာရှဒေသကို ရောက်ရှိခဲ့ပြီး တခြားဒေသတွေကို ယူကေက ပေးတဲ့ နိုင်ငံခြားအကူအညီကတော့ အနည်းစုသာ ဖြစ်တာကို တွေ့ရပါတယ်။

ယူကေရဲ့ ၂၀၁၉ နိုင်ငံခြားအကူအညီကို အများဆုံး ရရှိခဲ့တဲ့ နိုင်ငံတွေကို ကြည့်မယ် ဆိုရင်လည်း အာဖရိကတိုက်က ၃ နိုင်ငံဖြစ်တဲ့ အီသီယိုးပီးယား၊ ယီမင်၊ နိုင်ဂျီးယားနဲ့ အာရှတိုက်က ၄ နိုင်ငံ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဆီးရီးယားတို့ ဖြစ်တာကို တွေ့ရပါတယ်။

ယူကေဟာ အဲဒီ ၇ နိုင်ငံကို စုစုပေါင်း ပေါင် စတာလင် ၂ ဘီလျံ နီးပါး နိုင်ငံခြားအကူအညီ ပေးအပ်ခဲ့ပြီး ပါကစ္စတန်ကတော့ ပေါင် ၃၀၅ သန်းရပြီး အများဆုံးရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

ယူကေက ပေးအပ်ခဲ့တဲ့ နိုင်ငံခြားအကူအညီတွေကို အခြေခံအဆောက်အအုံ ထူထောင်ရေးနဲ့ ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု ထိန်းချုပ်ရေး အပိုင်းနဲ့ဆိုင်တဲ့ စီမံကိန်းတွေမှာ အဓိက သုံးတာကိုလည်း တွေ့ရပါတယ်။

ယူကေနိုင်ငံဟာ တစ်နိုင်ငံချင်းစီ အနေနဲ့ မဟုတ်ဘဲ နိုင်ငံအများနဲ့ စုပေါင်းပေးရတဲ့ နိုင်ငံခြားအကူအညီပေးတာမျိုးလည်း ရှိရာမှာ အများအားဖြင့် ကုလသမဂ္ဂနဲ့တကွ အလားတူ နိုင်ငံတကာ အဖွဲ့အစည်းတွေအတွက် ပေးအပ်တာမျိုး ဖြစ်ပါတယ်။

လတ်တလော ကာလအတွင်းမှာ အခုလို အများနဲ့ စုပေါင်းပေးတဲ့ ယူကေရဲ့ နိုင်ငံခြားအကူအညီ ပမာဏက နည်းလာတယ်လို့ ဆိုနိုင်ပြီး စုစုပေါင်းရဲ့ သုံးပုံ နှစ်ပုံလောက်ကို တစ်နိုင်ငံချင်းစီ အကူအညီ ပေးအပ်မှု လုပ်ခဲ့တာကို တွေ့ရပါတယ်။

ယူကေက နိုင်ငံခြားအကူအညီ လျှော့လို့ သက်ရောက်မှု အခြေအနေ

ယူကေဟာ နိုင်ငံခြား အကူအညီ လျှော့ဖို့ ပြီးခဲ့တဲ့ ၂၀၂၀ နှစ်ကုန်ပိုင်းကတည်းက ကြေညာထားပေမဲ့ မလျှော့ချမှု အခြေအနေ အသေးစိတ်ကို မထုတ်ပြန်တဲ့အတွက် သက်ရောက်မှု ပမာဏကို တိုင်းတာဖို့ကတော့ ခက်ခဲနေပါတယ်။

ဒါပေမယ့် ကုလသမဂ္ဂအောက်က အဖွဲ့အစည်းတချို့နဲ့တကွ နိုင်ငံတကာ ပရဟိတအဖွဲ့တချို့ကတော့ သူတို့အပေါ် သက်ရောက်မှုတချို့ကို ထုတ်ပြောလာကြပါတယ်။

ကုလသမဂ္ဂရဲ့ သားဆက်ခြားရေး ကူညီရေးအဖွဲ့ (UNFPA) ဆိုရင် ယူကေနိုင်ငံဆီက ရရှိနေတဲ့ ပုံမှန်အလှူငွေရဲ့ ၈၅ ရာခိုင်နှုန်းအထိ ဆုံးရှုံးဖို့ရှိနေပြီး တန်ဖိုးအားဖြင့် ပေါင် သန်း ၁၃၀ လောက်အထိ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို ဖြတ်တောက်မှုဟာ ကမ္ဘာတလွှားက အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့တကွ မိသားစုတွေအတွက် စိတ်မကောင်းစရာ ဖြစ်လာမယ်လို့ UNFPA က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ ကလေးသူငယ် ရန်ပုံငွေအဖွဲ့ UNICEF ကလည်း ယူကေကြောင့် သူတို့ရဲ့ ရန်ပုံငွေ ၆၀ ရာခိုင်နှုန်းလောက်အထိ လျော့ကျ သွားမယ်လို့ ကြေညာချက် ထုတ်ခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ ခုခံအားကျဆင်းမှု AIDS တိုက်ဖျက်ရေး စီမံကိန်းကတော့ ယူကေက ရရှိနေကျ အလှူငွေရဲ့ ၈၀ ရာခိုင်နှုန်းအထိကို လျော့သွားမယ်လို့ ဆိုခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOရဲ့ ကမ္ဘာ့ပိုလီယို တိုက်ဖျက်ရေး စီမံကိန်းဆိုရင် ယူကေဆီက ရနေတဲ့ အလှူငွေ အကုန်လုံးနီးပါး လျော့သွားမယ်လို့ ကြေညာခဲ့ပြီး မနှစ်က ပေါင် သန်း ၁၁၀ ရခဲ့ရာကနေ ဒီနှစ်မှာ ပေါင် ၅ သန်းသာ ရတော့မယ်လို့ဆိုပါတယ်။

ယူကေက နိုင်ငံခြားအကူအညီ လျှော့တာကို ဘယ်နိုင်ငံတွေ အဓိက ခံရမလဲ

ယူကေနိုင်ငံက နိုင်ငံခြားအကူအညီတွေ လျှော့ရာမှာ တစ်နိုင်ငံချင်းစီကို ပေးအပ်မှု လျှော့တာ မဟုတ်ပေမယ့် နိုင်ငံတကာ အဖွဲ့အစည်းတခုကို လှူဒါန်းခြင်း လျှော့ချမှုကြောင့် သက်ရောက်မှု ခံရတဲ့ နိုင်ငံရှိတာကိုလည်း တွေ့ရပါတယ်။

နိင်ငံတကာ ကယ်ဆယ်ရေး ကော်မတီအဖွဲ့က ယူကေဆီကရတဲ့ အကူအညီဟာ မနှစ်ကနဲ့စာရင် ၇၅ ရာခိုင်နှုန်းအထိ လျှော့ချခံရတာကြောင့် သူတို့ ဆီးရီးယားနိုင်ငံမှာ လုပ်နေတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ဆိုးဆိုးဝါးဝါး ထိခိုက် အားနည်းမှုတွေရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ လက်ရှိ အဆိုးဆုံး လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးကြုံနေရတယ်လို့ ဆိုတဲ့ (ဆော်ဒီနဲ့ အခြားညွန့်ပေါင်းအဖွဲ့ဝင်နိုင်ငံတွေ ပတ်သက်နေတဲ့) ယီမင်ပြည်တွင်းစစ် အခြေအနေမှာ ယူကေနိုင်ငံက ပေါင် သန်း ၁၄၀ နီးပါး ကူညီမယ်ဆိုပြီး ပြီးခဲ့တဲ့နှစ်က ကတိပေးထားခဲ့ပေမယ့် တကယ်တမ်း ပေါင် ၈၇ သန်းကျော်သာ ပေးအပ်တော့မှာ ဖြစ်ပါတယ်။

ယူကေရဲ့ နိုင်ငံခြားအကူအညီ အများဆုံးရရှိနေကျ ပါကစ္စတန်နိုင်ငံမှာ ဒီအလှူငွေတွေကို ဆင်းရဲမွဲတေမှု လျှော့ချရေး စီမံကိန်းတွေ၊ ပညာရေး၊ ရေအရင်းအမြစ် ခန့်ခွဲရေး၊ ကျန်းမာရေးနဲ့ အခြား လူသားချင်းစာနာမှုဆိုင်ရာ အစီအစဉ်တွေမှာ အသုံးပြုနေတာ ဖြစ်တဲ့အတွက် အလားတူ သက်ရောက်မှုတွေက ကြီးမားနိုင်ပါတယ်။

ပါကစ္စတန်နိုင်ငံ လူဦးရေရဲ့ သုံးပုံတစ်ပုံဟာ နိုင်ငံတကာ ဆင်းရဲမွဲတေမှု အညွှန်းကိန်းအောက် အခြေအနေမှာ ရုန်းကန်နေရပြီး ကလေး ၁၁ ယောက်မှာ တစ်ယောက်နှုန်း အသက်ငါးနှစ် မပြည့်ခင် သေဆုံးမှု ကြုံနေရတဲ့ နိုင်ငံလည်း ဖြစ်နေပါတယ်။

ဒီလို အခြေအနေမှာ နိုင်ငံတကာ ကယ်ဆယ်ရေး ကော်မတီအဖွဲ့ (IRC) ရဲ့ အဆိုအရ ယူကေရဲ့ ပါကစ္စတန်ကို အကူအညီ လျှော့ချမှုကြောင့် ပညာရေးအပိုင်းမှာလည်း ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။

အခုလို ထောက်ပံ့မှုတချို့ အမှန်တကယ် ရပ်ဆိုင်းခဲ့မယ်ဆိုရင် ပါကစ္စတန် အမျိုးသမီးငယ် ၁၁၀ဝ၀ လောက် ကျောင်းမတက်နိုင်တော့ပဲ ဖြစ်သွားနိုင်တယ်လို့ IRC က ဆိုပါတယ်။

ဘီဘီစီက ရရှိတဲ့ စာတစောင်အရ ဆိုရင် အစိုးရမဟုတ်တဲ့ အရပ်ဘက်ကူညီရေး အဖွဲ့အစည်း NGO ရှစ်ဖွဲ့ဟာ ယူကေက ရရှိတဲ့ အလှူငွေ ပေါင် ၃၂၁ သန်း ထဲက ၄၂ ရာခိုင်နှုန်းအထိ ဖြတ်တောက်ခံရနိုင်ခြေရှိပြီး ဒီအဖွဲ့ ၈ ဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီနေတဲ့ အဖွဲ့တွေလည်း ဖြစ်ပါတယ်။

ယူကေအစိုးရက ထုတ်ပြန်တဲ့ ၂၀၁၉ နိုင်ငံခြားအကူအညီ သုံးစွဲမှု မှတ်တမ်းအရ မြန်မာနိုင်ငံက နှစ်စဉ် အကူအညီ ပေါင် သန်း ၅၀ အောက် ရရှိနေခဲ့တာကို တွေ့ရပြီး မြန်မာနိုင်ငံကို ပေးအပ်မှု ဘယ်လောက်အထိ လျှော့ချမလဲ ဆိုတာကိုတော့ ယူကေအစိုးရက အသေးစိတ် မထုတ်ပြန်ထားပါဘူး။

ယူကေနိုင်ငံက အကူအညီတွေကို နိုင်ဂျီးရီးယားနိုင်ငံက အစားအစာ၊ ကျန်းမာရေး၊ ပညာရေး၊ ကျောင်းနဲ့ ဆေးရုံတွေအတွက် နေစွမ်းအင်သုံး လျှပ်စစ်ပေးရေး၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ လူမှုအကျိုးပြု အဖွဲ့အစည်းတွေမှာ အသုံးပြုနေပြီး ဘဏ္ဍာရေး ဝန်ဆောင်မှု လွယ်ကူချောမောစေရေး ကိစ္စတွေမှာလည်း အသုံးပြုနေပါတယ်။

ဒါပေမယ့် ယူကေရဲ့ အကူအညီ ပဉ္စမ အများဆုံး ရရှိနေတဲ့ နိုင်ဂျီးရီးယားမှာ ကြုံရတဲ့ ဖြတ်တောက်မှုကတော့ နိုင်ငံတကာ အမျိုးသမီး အဖွဲ့ရဲ့ နိုင်ဂျီးရီးယားဆိုင်ရာ စီမံကိန်း ဖြစ်ပြီး သုံးနှစ် စီမံကိန်းက သက်တမ်းတစ်ဝက်မှာတင် မကြုံစဖူး ဖြတ်တောက်ခံရတယ်လို့ အဲဒီအဖွဲ့ရဲ့ နိုင်ဂျီးရီးယားဆိုင်ရာ ခန့်ခွဲသူက ဆိုပါတယ်။

ယူကေ အစိုးရက ဘယ်လို ပြန်လည် တုံ့ပြန်နေသလဲ

ယူကေနိုင်ငံ နိုင်ငံခြားအကူအညီ စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းကို ကိုင်တွယ်နေတဲ့ ယူကေနိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါမနစ် ရာ့ဘ်က ပြီးခဲ့တဲ့ ဧပြီလက နိုင်ငံခြား အလှူငွေနဲ့ ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ကြေညာချက်ထဲမှာ သူတို့ဝန်ကြီးဌာန အနေနဲ့ နိုင်ငံခြားအကူအညီတွေကို ဦးစားပေး ခွဲခြားသတ်မှတ်နေပြီး ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု ထိန်းချုပ်ရေး၊ ကိုဗစ်တိုက်ဖျက်ရေးနဲ့ အမျိုးသမီးငယ်များ ပညာရေး အခန်းကဏ္ဍတို့အတွက် ဦးစားပေးမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ယူကေနိုင်ငံဟာ ၂၀၂၀ အချက်အလက်အရ နိုင်ငံတစ်နှစ်ဝင်ငွေရဲ့ ရာခိုင်နှုန်းနဲ့ တွက်တဲ့ နိုင်ငံခြားအကူအညီ လှူဒါန်းရာမှာ ကမ္ဘာ့ တတိယအများဆုံး ဆက်ရှိနေမှာဖြစ်ပြီး ဘယ်လောက်လျော့သွားမလဲ ဆိုတာကိုတော့ မစ္စတာ ရာ့ဘ်က ထည့်သွင်း မပြောဆိုခဲ့ပါဘူး။

အခုလို နိုင်ငံခြားအကူအညီ လျှော့ချရတာဟာ ယူကေစီးပွားရေး အခက်အခဲကြောင့် ယာယီလုပ်တာသာ ဖြစ်ပြီး ယူကေက မဲပေးသူ လူထုကလည်း နိုင်ငံ့ဝင်ငွေကို ပြည်တွင်းမှာ အဓိကထား အသုံးပြုတာကို လိုလားကြမှာ ဖြစ်တယ် ဆိုပြီးတော့လည်း ယူကေအစိုးရက ခုခံကာကွယ် ပြောဆိုထားပါတယ်။

အခုလို ယူကေရဲ့ နိုင်ငံခြား အကူအညီ လျှော့ချမှု ကြေညာခဲ့တဲ့အချိန် ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလမှာ YouGov က ယူကေ လူထု သဘောထား ကောက်ခံခဲ့ပြီး ယူကေ လူထုရဲ့ သုံးပုံ နှစ်ပုံက ဒီလိုလျှော့ချမှုကို ထောက်ခံကြောင်း သဘောထားပေးခဲ့ကြပြီး ဒီနှစ် ဖေဖော်ဝါရီလမှာ အလားတူ သဘောထားကောက်ခံမှုမှာလည်း ယူကေလူထု ၇၀ ရာခိုင်နှုန်းက ထောက်ခံသေးကြောင်း ပြောဆိုခဲ့ကြတာကို တွေ့ရပါတယ်။