ယူကရိန်းခွဲထွက်ရေး သူပုန်ခေါင်းဆောင် တယောက် အသတ်ခံရ

ရုရှား ထောက်ခံတဲ့ ယူကရိန်းခွဲထွက်ရေးသူပုန် အဓိက ခေါင်းဆောင်တယောက် သတ်ဖြတ်ခံခဲ့ရပါတယ်။

ယူကရိန်း အရှေ့ပိုင်း ဒွန်းညက်ခ် မြို့ က သူပိုင်တဲ့ ကာဖီဆိုင်မှာပဲ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အဲဒီ ခေါင်းဆောင် အလက်ဇန်းဒါး ဇက်ခါချန်ကို သေဆုံးခဲ့တာပါ။

ယူကရိန်းခွဲထွက်ရေး သူပုန် တွေရဲ့ သတင်းဌာနဖြစ်တဲ့ DNR က ဒီသတင်းကို ထုတ်ပြန်ခဲ့ပါတယ်။

ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မသင်္ကာစရာ ယူကရိန်းနိုင်ငံသား တွေကို ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းလည်း ထွက်လာပါတယ်။

ဒီလုပ်ကြံမှုကို ယူကရိန်း အစိုးရက လုပ်တယ် ဆိုပြီး သူပုန်အစိုးရ ဖြစ်တဲ့ ဒွန်းညက်ခ် ပြည်သူ့ သမ္မတနိုင်ငံ အာဏာပိုင်တွေ က စွပ်စွဲထားပါတယ်။

ခွဲထွက်ရေး ခေါင်းဆောင် ဒန်းနစ် ပွတ်ရှလင် က ဒါဟာ ယူကရိန်းဖက်က နောက်ထပ် ရန်စတဲ့ လုပ်ရပ်တခုပဲ၊ ဒွန်းညက်ခ် ပြည်သူ့ သမ္မတ နိုင်ငံရဲ့ ခေါင်းဆောင် တယောက် အသက်ဆုံးရှုံးခဲ့ပြီ၊ ဒီအတွက် ယူကရိန်းကိုလက်စားချေမယ်လို့ ကြုံးဝါးပါတယ်။

ယူကရိန်းအစိုးရ ကတော့ သူတို့ ဘာမှ ပါဝင်ပတ်သက်တာ မရှိဘူးလို့ ငြင်းထားပါတယ်။

သေဆုံးသွားတဲ့ ဇက်ခါချန်ကို ကို ရုရှား ကနေ သိပ်မျက်နှာသာမပေးတော့ဘူး ဆိုတဲ့ သတင်းတွေကလည်း အရင်ကတည်းက ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့တာပါ။

လေ့လာသုံးသပ်သူတချို့ကတော့ သူပုန်တွေအကြား ဂိုဏ်းကွဲတွေ အချင်းချင်း ချကြတာ ဒါမှမဟုတ် မော်စကို ကိုယ်တိုင်က သူတို့ နဲ့ သိပ် မပြေလည်တဲ့ ခေါင်းဆောင်တွေ ကို ရှင်းထုတ်တာလို့ ယူဆကြပါတယ်။

ရုရှားဘက်ကတော့ ဒီ သတ်ဖြတ်မှုကို ယူကရိန်း အစိုးရ က လုပ်တာလို့ သံသယရှိကြောင်း ပြောပါတယ်။

မစ္စတာ ဇက်ခါချန်ကို ဟာ ခွဲထွက်ရေးအတွက် စစ်ဆင်ရေးတွေ စကတည်းက ပါဝင်ခဲ့တဲ့သူပါ။

အနောက်လိုလားတယ်လို့ သူတို့ သတ်မှတ်ကြတဲ့ ယူကရိန်းအာဏာပိုင်တွေကို ဆန့်ကျင်ကြတဲ့ လူတွေ ဒွန်းညက်ခ် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဆောက်အအုံ ကို ဝင်သိမ်းပိုက်စဉ်ကတည်းက သူတွေထဲ က တယောက်ပါ။

နောက်ပိုင်း ၂၀၁၄ ခုနှစ်အတွင်းမှာပဲ ဒွန်းညက်ခ် ပြည်သူ့သမ္မတ နိုင်ငံ ရဲ့ ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံခဲ့ရသူပါ။

၂၀၁၄ သြဂုတ်လအတွင်း သူဟာ ကားဗုံးခွဲ တိုက်ခိုက်တာကို ခံခဲ့ရပေမယ့် အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။

ဒွန်းညက်ခ်နဲ့ လုခ်ဟန့် ဒေသတွေ မှာ လက်နက်ကိုင် သူပုန်တွေ ကြီးစိုးနေပြီး ကိယက်ဗ် က ယူကရိန်းအစိုးရ ကို သူတို့က အသိအမှတ်မပြုပါဘူး။

သူပုန်တွေ ဟာ အဲဒီဒေသ နေရာအတော်များများ ကို သိမ်းပိုက်ထားတာပါ။

မော်စကို က သူတို့ အနေနဲ့ အဲဒီသူပုန်တွေကို လက်နက်ကြီးတွေ ပေးတာ၊ သူတို့ရဲ့ ပုံမှန်စစ်တပ် ကို စေလွှတ်တာ စတဲ့ စွပ်စွဲချက်တွေ ကို အမြဲငြင်းပယ်ခဲ့ပေမယ့် သူတို့စိတ်ဆန္ဒနဲ့ သူတို့ သူပုန်တွေနဲ့အတူ ပါဝင် တိုက်ခိုက်နေတဲ့ ရုရှား တွေတော့ အဲဒီမှာ ရှိတယ်ဆိုတာ ဝန်ခံထားပါတယ်။

ယူကရိန်းအစိုးရ နဲ့ သူပုန်တွေကြား ရှေ့တန်းမှာ တိုက်ခိုက်တာတွေ လောလောဆယ် တန့်နေပေမယ့် ကြိုကြားကြိုကြား တိုက်ပွဲတွေ ကတော့ ရှိနေဆဲပါ။

စာသင်ကျောင်းတွေ ပြန်ဖွင့်ရေးအတွက် အပစ်အခတ်ရပ်ကြဖို့ နှစ်ဖက်အကြား သဘောတူခဲ့ကြပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဒီသဘောတူညီချက် စတင်တယ် ဆိုပေမယ့် အဲဒီနေ့မှာပဲ ပစ်ခတ်တိုက်ခိုက်တာတွေ အကြိမ် ၇၀ လောက် ဖြစ်ခဲ့တယ်လို့ လေ့လာစောင့်ကြည့်သူတွေ က ဆိုပါတယ်။

အခု အလက်ဇန်းဒါး ဇက်ခါချန်ကို သေဆုံးပြီးတဲ့နောက်ပိုင်း တိုက်ပွဲတွေ က ပိုများလာမယ်လို့ လည်း သုံးသပ်နေကြပါတယ်။