ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ်ကာကွယ်ဆေး ထုတ်နိုင်တဲ့ အိန္ဒိယမှာတောင် အလျင်မီ ထုတ်နိုင်ပါ့မလား
အိန္ဒိယအစိုးရဟာ ၁၈ နှစ်အထက် နိုင်ငံ့လူဦးရေ အကုန်လုံးကို ၂၀၂၁ ခုနှစ်အကုန်မှာ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသား ဖြစ်နေဖို့ မျှော်မှန်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဒါပေမဲ့အဲဒီလို လုပ်ဖို့အတွက် ကိုဗစ်ကာကွယ်ဆေး အရေအတွက် အလျင်မီအောင် ထုတ်လုပ်နိုင်ပါ့မလားဆိုတာကို သံသယ ဖြစ်စရာ အခြေအနေတွေလည်း ရှိလာခဲ့ပါတယ်။
ဒီလို အခြေအနေတွေကို သိနိုင်ဖို့အတွက် အိန္ဒိယပြည်တွင်းက ကိုဗစ် ကာကွယ်ဆေး ထုတ်လုပ်မှု ဆိုင်ရာ လုပ်ငန်း လည်ပတ်မှု ပမာဏနဲ့တကွ အခြား ဒီဆေးတွေကို လုံလုံလောက်လောက် ထုတ်လုပ်နိုင်မှုကို သက်ရောက်စေမယ့် အကြောင်းအချက်တွေကို ထည့်စဉ်းစားဖို့ လိုမှာ ဖြစ်ပါတယ်။
အိန္ဒိယမှာ လောလောဆယ် ဘယ်လောက်နှုန်းနဲ့ ကိုဗစ်ကာကွယ်ဆေး ထုတ်နေသလဲ
အိန္ဒိယပြည်တွင်းမှာ ထုတ်လုပ်နေတဲ့ ကိုဗစ် ကာကွယ်ဆေး နှစ်မျိုးရှိပြီး အဲဒီနှစ်မျိုးကတော့ ကိုဗစ်ရှီးလ်ဒ် နဲ့ ကိုဗက်ဆင် တို့ ဖြစ်ကြပါတယ်။
အိန္ဒိယနိုင်ငံဟာ နိုင်ငံတကာမှာ လူသိများနေကြတဲ့ ဖိုင်ဇာ အစရှိတဲ့ တခြားနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေကို ဝယ်ယူဖို့လည်း ပြင်ဆင်နေပါတယ်။
ဒါပေမဲ့ ကိုဗစ်ရှီးလ်ဒ်နဲ့ ကိုဗက်ဆင် တို့ကတော့ အိန္ဒိယပြည်တွင်း ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ့် စီမံကိန်းမှာ အဓိက ပါဝင်မယ့် ကိုဗစ်ကာကွယ်ဆေးတွေ ဖြစ်ကြပါတယ်။
ကိုဗစ်ရှီးလ်ဒ် ဆိုရင် အမှန်တကယ်က နိုင်ငံတကာမှာ လူသိများပြီးသား ဖြစ်ပြီး ယူကေနိုင်ငံ အောက်စဖို့တက္ကသိုလ်ရဲ့ သုတေသနပိုင်းမှာ ပါဝင်မှုကြောင့် အောက်စဖို့ ကိုဗစ်ကာကွယ်ဆေးလို့လည်း သိကြတဲ့ အက်စရာဇနက်ကာ ရဲ့ ဆေးဖော်နည်း သုံးခွင့်နဲ့ အိန္ဒိယ ဆေးကုမ္ပဏီ Serum Institute of India (SII) က ထုတ်လုပ်မှာ ဖြစ်ပါတယ်။
နောက်ထပ် အိန္ဒိယပြည်တွင်းထုတ် ကာကွယ်ဆေးဖြစ်တဲ့ ကိုဗက်ဆင် ကိုတော့ နောက်ထပ် အိန္ဒိယပြည်တွင်း ဆေးကုမ္ပဏီ တစ်ခုဖြစ်တဲ့ ဘာရက် ဘိုင်အိုတက် ကုမ္ပဏီက ကိုယ်တိုင် ဖော်စပ် ထုတ်လုပ်တာ ဖြစ်ပါတယ်။
အခုလို အိန္ဒိယပြည်တွင်းမှာ ထုတ်လုပ်မယ့် ကိုဗစ် ကာကွယ်ဆေးတွေရဲ့ အခြေအနေ ဘယ်လို ရှိမလဲ ဆိုတာကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့က အိန္ဒိယ ပါလီမန် အတွင်းမှာ အစိုးရက စတင် အမေးခံလာရခဲ့ပါတယ်။
အခုလို အမေးခံရတဲ့အချိန်မှာ အိန္ဒိယ ကျန်းမာရေးဝန်ကြီးက ကိုဗစ်ရှီးလ်ဒ် ကာကွယ်ဆေး ထုတ်လုပ်မှုကို မြှင့်တင်ဖို့ အစီအစဉ်ရှိတယ်လို့ ဖြေကြားခဲ့ပြီး တစ်လကို ကာကွယ်ဆေး အလုံးရေ သန်း ၁၁၀၊ ၁၂၀ လောက်အထိ နှုန်းနဲ့ ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီတစ်နေ့တည်းမှာပဲ တခြား ကိုဗစ်ကာကွယ်ဆေးနဲ့ ဆိုင်တဲ့ မေးခွန်းတစ်ခုကို ဖြေကြားရာမှာ အိန္ဒိယအစိုးရ အနေနဲ့ ဒီကာကွယ်ဆေးကိုပဲ တစ်လကို အလုံး သန်း ၁၃၀ နှုန်းနဲ့ ထုတ်နိုင်အောင် လုပ်မယ်လို့ ဖြေကြားပြန်တဲ့အတွက် လူအများ ဝေဝါးစရာ ဖြစ်လာခဲ့ပါတယ်။
ဒါ့ကြောင့် ကိုဗစ်ရှီးလ်ဒ် ကာကွယ်ဆေး ထုတ်လုပ်မှု အခြေအနေနဲ့ ပတ်သက်လို့ ဒီဆေးကို ထုတ်လုပ်နေတဲ့ SII ကို ဘီဘီစီက ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မေးမြန်းခဲ့ပါတယ်။
အခုလို မေးမြန်းတဲ့အချိန်မှာ SII က သူတို့အနေနဲ့ တစ်လကို ကာကွယ်ဆေး အလုံးရေ သန်း ၁၁၀ နဲ့၁၂၀ ကြား အမြန်နှုန်းနဲ့ ထုတ်လုပ်နေပြီး လတ်တလော ဒီထုတ်လုပ်မှုနှုန်းကို မြှင့်ဖို့ အစီအစဉ် မရှိသေးဘူးလို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။
နိုင်ငံတကာအခြေအနေက အိန္ဒိယပြည်တွင်း ကိုဗစ် ကာကွယ်ဆေး ထုတ်လုပ်မှုကို သက်ရောက်ခဲ့သလား
လက်ရှိ အနေအထားမှာ SII က ကိုဗစ်ကာကွယ်ဆေးကို တစ်လအတွင်း သန်းရာနဲ့ ချီအောင် ထုတ်လုပ်နိုင်ပြီ ဆိုပေမယ့် အစောပိုင်း ကာလတွေမှာ ဆိုရင်တော့ ကုန်ကြမ်း ရှားပါးတဲ့ ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။
အထူးသဖြင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ ပြည်တွင်း ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်မှုကို ဦးစားပေးပြီး ပြည်ပကို ကိုဗစ်ကာကွယ်ဆေးဆိုင်ရာ ကုန်ကြမ်းတွေ ရောင်းချမှု ကန့်သတ်ဖို့ အမိန့်ထုတ်ထားခဲ့တဲ့ အချိန်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် အိန္ဒိယမှာ ကြီးမားတဲ့ ကိုဗစ်ကူးစက်ပြန့်ပွားမှု လှိုင်းလုံး ရိုက်ခတ်လာခဲ့ချိန်မှာတော့ အမေရိကန်အစိုးရက အဲဒီ မူဝါဒကို ဖြေလျော့ပေးခဲ့ပါတယ်။
အိန္ဒိယအစိုးရဟာ ပြည်တွင်းမှာ အသုံးပြုမယ့် နောက်ထပ် ကိုဗစ် ကာကွယ်ဆေးတစ်မျိုး ဖြစ်တဲ့ ကိုဗက်ဆင် ထုတ်လုပ်မှုနှုန်းနဲ့ ပတ်သက်တဲ့ ပြောကြားချက်တွေမှာလည်း ကိန်းဂဏန်းအမျိုးမျိုး ပြောထားတဲ့ ပြဿနာ ရှိနေပြန်ပါတယ်။
ဒီ ကိုဗက်ဆင် ကာကွယ်ဆေး ထုတ်လုပ်မှုနှုန်းထား အကြောင်း ပြောဆိုမှု ကွဲပြားတာက ကိုဗစ်ရှီးလ်ဒ် နှုန်းထားထက် များနေပြီး တစ်လကို ကိုဗက်ဆင် ကာကွယ်ဆေး အလုံးရေ ၁၀ သန်း နဲ့ သန်း ၁၀ဝ ကြားက ကိန်းဂဏန်းတွေကို လာမယ့် လတွေအတွင်း ထုတ်လုပ်နိုင်အောင် ပြင်ဆင်နေတယ် ဆိုပြီး ပြောဆိုမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။
အခုလို ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ ဘီဘီစီက SII ကို အလားတူ မေးခဲ့သလိုပဲ ဘာရတ် ဘိုင်အိုတက် ကုမ္ပဏီကို မေးမြန်းထားခဲ့ပေမယ့် လက်ရှိဆောင်းပါး ဖော်ပြတဲ့ အချိန်အထိ ပြန်စာ မရသေးပါဘူး။
ကိုဗက်ဆင် ကာကွယ်ဆေး ထုတ်လုပ်နှုန်းကို တစ်လချင်း နှုန်းထားနဲ့ မဟုတ်ဘဲ အိန္ဒိယအစိုးရက ထုတ်ပြန်ထားတာလည်း ရှိခဲ့ဖူပြီး ပြီးခဲ့တဲ့ မေလက ဒါနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းတချို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ ထုတ်ပြန်ချက်အရ ၂၀၂၁ သြဂုတ်လနဲ့ ဒီဇင်ဘာလ အကြား ကာလအတွင်းမှာ ကိုဗစ်ဆင် ကာကွယ်ဆေး အလုံး သန်း ၄၀ဝ ထုတ်လုပ်ပြီးစီးဖို့ လျာထားတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဘာရက် ဘိုင်အိုတက် ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဇွန်လအတွင်း ကိုဗက်ဆင် ကိုဗစ် ကာကွယ်ဆေး အလုံး သန်း ၈၀ ထုတ်လုပ်ပေးရမယ့် အမှာစာကိုတောင် ဖြည့်ဆည်း ပေးနိုင်ခြင်း မရှိတာကို တွေ့ရပါတယ်။
ဘာရက် ဘိုင်အိုတက် ကုမ္ပဏီဟာ အဲဒီ ကာလအတွင်းမှာ ကိုဗက်ဆင် ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၆ သန်း သာလျှင် ထုတ်လုပ် ဖြန့်ချိထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယပြည်တွင်းမှာ ကိုဗစ်ရှီးလ်ဒ်နဲ့ ကိုဗက်ဆင်အပြင် အခြား ပြည်တွင်းဖြစ် ကိုဗစ်ကာကွယ်ဆေးတွေ ထုတ်လုပ်ဖို့ အစီအစဉ် ရှိနေပေမယ့် အစိုးရ ကျန်းမာရေး ဌာနရဲ့ စိတ်ချရကြောင်း အတည်ပြုချက်တော့ မရကြသေးပါဘူး။
ပြီးခဲ့တဲ့ ဇွန်လမှာ ကျင်းပခဲ့တဲ့ စက်မှုထိပ်သီး ၇ နိုင်ငံ အစည်းအဝေးအပြီးမှာ အမေရိကန်အပါအဝင် ဒီနိုင်ငံကြီးတွေက ကိုဗစ်ကာကွယ်ဆေးအလုံး သန်း တစ်ထေင်ကျော် လှူဒါန်းမယ်လို့ ကတိပြုခဲ့ကြရာမှာ အိန္ဒိယနိုင်ငံဟာလည်း ဒီလို ကာကွယ်ဆေးအလှူကို လက်ခံရရှိမယ့် အပါအဝင် တစ်နိုင်ငံဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့လည်း အိန္ဒိယနိုင်ငံအတွင်းက ကိုဗစ်ကာကွယ်ဆေးထုတ်မယ့် ကုမ္ပဏီတွေအနေနဲ့ ကာကွယ်ဆေးကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေး ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ တရားစွဲခံရတဲ့ ကိစ္စ မရှိသေးတဲ့အချိန်မှာ ပြည်ပထုတ် ကိုဗစ်ကာကွယ်ဆေးကုမ္ပဏီတွေဘက်က အခုလို တရားစွဲခံရမှု ကင်းလွင့်ခွင့် လိုချင်နေတာကြောင့် သူတို့ရဲ့ ဆေးတွေ အိန္ဒိယပြည်တွင်းရောက်ဖို့ ဥပဒေရေးရာ အတားအဆီးတွေ ရှိနေပါတယ်။
ကိုဗက် စီမံကိန်းအရ နိုင်ငံတကာကို အိန္ဒိယက ကိုဗစ်ကာကွယ်ဆေး ပို့ရမှု အခြေအနေ
အိန္ဒိယနိုင်ငံဟာ နိုင်ငံတကာ ကိုဗစ်ကာကွယ်ဆေး ထောက်ပံ့ရေး ကိုဗက် စီမံကိန်း အရ ကမ္ဘာပေါ်က ချို့တဲ့ နိုင်ငံတွေအတွက် ကိုဗစ်ကာကွယ်ဆေးတွေ ထုတ်လုပ်ပေးပို့ ပေးနေခဲ့ရာက ပြည်တွင်း လိုအပ်ချက်ကြောင့် ပြီးခဲ့တဲ့ ဧပြီလမှာ ရပ်ဆိုင်းထားခဲ့ပါတယ်။
အခုလို ရပ်ဆိုင်းလိုက်တဲ့အတွက် တစ်ဖက်မှာ ဒါကို အားကိုးနေရတဲ့ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာလို နိုင်ငံတွေက တရုတ်နိုင်ငံကထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေး အပါအဝင် အခြား နိုင်ငံတွေက လှူဒါန်းမှုတွေကိုပဲ အားထားလိုက်ရတဲ့ အနေအထား ရှိလာခဲ့ပါတယ်။
ဒီလို အခြေအနေတွေကြောင့် ကိုဗက် စီမံကိန်းဟာ တခြား ကိုဗစ်ကာကွယ်ဆေးရမယ့် လမ်းကြောင်းတွေကို ရှာဖွေလာရတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာကို ကိုဗစ်ကာကွယ်ဆေး တင်ပို့ဖို့ အစီအစဉ် ပြန်စရေးအတွက် ကိုဗက်စီမံကိန်းက အိန္ဒိယအစိုးရနဲ့ ညှိနှိုင်းနေပေမယ့် ရက်အတိအကျတော့ ထွက်မလာသေးပါဘူး။
ပြည်ပကို အဓိကတင်ပို့မယ့် ကိုဗစ်ရှီးလ်ဒ် ထုတ်လုပ်သူ SII ကတော့ လောလောဆယ်မှာ ပြည်တွင်း လိုအပ်ချက်အတွက်ကိုသာ ဦးစားပေး ထုတ်လုပ်နေပြီး ဒီနှစ်မကုန်ခင်အထိ ပြည်ပကို မပို့ဖြစ်ဖို့ များတယ်လို့ ပြောဆိုထားပါတယ်။
အိန္ဒိယမှာ ပြည်တွင်းထုတ်အပြင် တခြား ဘယ်ကိုဗစ်ကာကွယ်ဆေးတွေ သုံးနေသလဲ
အိန္ဒိယနိုင်ငံဟာ ရုရှားနိုင်ငံက ထုတ်လုပ်တဲ့ စပွတ်နစ်ဖိုက် ကာကွယ်ဆေးကို စိတ်ချရကြောင်း အတည်ပြုခဲ့ပြီး ကနဦး ကာကွယ်ဆေး အလုံးရေ ၃ သန်းကိုလည်း ပြည်တွင်းမှာ ထိုးပေးခဲ့ပြီး ဖြစ်ပါတယ်။
အဲဒီ စပွတ်နစ်ဖိုက် ကာကွယ်ဆေးကို အိန္ဒိယပြည်တွင်းမှာပါ ထုတ်လုပ်နိုင်ဖို့လည်း စီစဉ်ခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင် သို့မဟုတ် လက်ရှိ သြဂုတ်လမှာ စတင် ထုတ်လုပ်နိုင်ဖို့အထိ အိန္ဒိယနဲ့ ရုရှားတို့ သဘောတူထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလိုလုပ်ဖို့ အခြေအနေက နှောင့်နှေးမှုတွေ ရှိခဲ့လို့ နောက်လာမယ့် စက်တင်ဘာလရောက်မှ စပွတ်နစ်ဖိုက် ကာကွယ်ဆေးကို အိန္ဒိယပြည်တွင်းမှာ ပထမဆုံး စတင် ထုတ်လုပ်နိုင်မယ်လို့ ရုရှားဘက်က လတ်တလော ကြေညာခဲ့ပါတယ်။
အိန္ဒိယနဲ့ ရုရှားတို့ဟာ ကနဦးကာလမှာ အိန္ဒိယနိုင်ငံအတွင်း စပွတ်နစ်ဖိုက် ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်မှုကို တနှစ်အတွင်း အလုံးရေ သန်း ၃၀ဝ ကျော် အထိ ထုတ်လုပ်ဖို့ ရည်ရွယ်ထားခဲ့တာပါ။
ဒါပေမဲ့ အခုအချိန်မှာတော့ ဒီလောက်ပမာဏအထိ ဘယ်အချိန်မှာ ထုတ်လုပ်နိုင်မလဲ ဆိုတာကို နှစ်ဖက်စလုံးက မထုတ်ပြန်နိုင်သေးပါဘူး။
SII ကုမ္ပဏီဟာ အမေရိကန်နိုင်ငံက ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေး တစ်ခုဖြစ်တဲ့ နိုဗာဗက် ကာကွယ်ဆေးကိုလည်း ပြည်တွင်းမှာ ထုတ်လုပ်ဖို့ အမေရိကန်ကုမ္ပဏီဆီက ခွင့်ပြုချက် ရထားပါတယ်။
SII ဟာ အဲဒီ နိုဗာဗက် ကိုဗစ်ကာကွယ်ဆေးကို ကိုဗာဗက် ဆိုတဲ့ နာမည်နဲ့ ထုတ်လုပ်မှာ ဖြစ်ပြီး အိန္ဒိယ ကျန်းမာရေး ကြီးကြပ်မှု ဆိုင်ရာ အတည်ပြုချက်တော့ မရသေးပါဘူး။
အခုလို မရသေးခင် ကာလမှာ SII အနေနဲ့ အဲဒီ ကိုဗာဗက် ကိုဗစ်ကာကွယ်ဆေးတွေကို ထုတ်လုပ် စုဆောင်းနေတယ်လို့ ဘီဘီစီကို ပြောကြားခဲ့ပါတယ်။
အိန္ဒိယအစိုးရက အဲဒီ ကိုဗာဗက် ကိုဗစ်ကာကွယ်ဆေးကို အတည်ပြုမပေးသေးပေမယ့် အိန္ဒိယနိုင်ငံက လက်ရှိ သြဂုတ်လကနေ လာမယ့် ဒီဇင်ဘာလအတွင်း ထုတ်လုပ်ဖို့ ရည်မှန်းထားတဲ့ ကိုဗစ်ကာကွယ်ဆေး စုစုပေါင်း ပမာဏထဲမှာ ထည့်သွင်းထားတဲ့အတွက် မကြာခင် ဒီဆေးက ပြည်တွင်းမှာ အသုံးပြုဖို့ အတည်ပြုချက် ရလာမယ်လို့ ခန့်မှန်းနေကြပါတယ်။
ပြီးခဲ့တဲ့ ဇွန်လမှာ ဆိုရင်လည်း အိန္ဒိယအစိုးရဟာ အမေရိကန်နိုင်ငံထုတ် မိုဒါးနား ကိုဗစ်ကာကွယ်ဆေးကို ပြည်တွင်းမှာ အရေးပေါ် အသုံးပြုခွင့် အတည်ပြုပေးခဲ့ပါသေးတယ်။
ဒါပေမဲ့ မိုဒါးနားဘက်ကတော့ အခုအချိန်အထိ အိန္ဒိယကို ဒီဆေးတွေ ပေးပို့နိုင်ခြင်း မရှိသေးပါဘူး။
နောက်ထပ် နိုင်ငံတကာက ကိုဗစ်ကာကွယ်ဆေးတွေ ထုတ်တဲ့ ဖိုင်ဇာနဲ့ ဂျွန်ဆင်အန်ဂျွန်ဆင် ကုမ္ပဏီတွေကတော့ အိန္ဒိယပြည်တွင်းမှာ အရေးပေါ် အသုံးပြုဖို့ ကမ်းလှမ်းတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။
အိန္ဒိယက ၁၈ နှစ် အထက် အားလုံးကို ထိုးပေးနိုင်ခြေ ရှိတဲ့အထိ လောက်ပါ့မလား
အိန္ဒိယနိုင်ငံရဲ့ ၂၀၁၁ သန်းခေါင်စာရင်း ကောက်ခံမှုအရဆိုရင် လက်ရှိ အသက် ၁၈ နှစ် ပြည့်ပြီးသူ သန်း ၉၀ဝ နဲ့ ၉၅၀ အကြား ရှိနိုင်ပါတယ်။
လက်ရှိအချိန်အထိဆိုရင် အိန္ဒိယရဲ့ ၁၈ နှစ်အထက် လူဦးရေ ၁၀ ရာခိုင်နှုန်းဟာ ကိုဗစ်အတွက် ထိုးရမယ့် ကာကွယ်ဆေး နှစ်လုံးစလုံး ထိုးပြီးကြပြီ ဖြစ်ပါတယ်။
ဒါ့ကြောင့် ၂၀၂၁ နှစ်ကုန်မှာ အိန္ဒိယရဲ့ ၁၈ နှစ် အထက် အားလုံး ကာကွယ်ဆေး ထိုးပြီးဖို့ ဆိုရင် နောက် ငါးလ အတွင်း တစ်လကို ကိုဗစ်ကာကွယ်ဆေး ၂၉၂ သန်း ပတ်ဝန်းကျင်လောက် လိုအပ်နိုင်ပါတယ်။
အစိုးရထုတ်ပြန်တဲ့ ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်မှု နှုန်းက တစ်လကို သန်း ၁၂၀ - ၁၃၀ ပတ်ဝန်းကျင် ပမာဏ ရှိတယ်လို့ မှန်းဆနိုင်ပေမယ့် ရှေ့မှာ ဖော်ပြပြီးတဲ့ အချက်အလက်တွေကြောင့် တိတိပပ မပြောနိုင်ဘူးလို့ ယူဆရမလို ဖြစ်နေပါတယ်။
ဒါပေမဲ့ တစ်ဖက်မှာတော့ လာမယ့် လတွေအတွင်း ကာကွယ်ဆေး ထုတ်လုပ်မှု နှုန်း တက်လာနိုင်သလို ပြည်ပက ဝင်လာတဲ့ ကိုဗစ်ကာကွယ်ဆေးတွေလည်း ရှိလာနိုင်တဲ့ အလားအလာတွေတော့ ရှိနေပါသေးတယ်။
တစ်ဖက်မှာလည်း အခုလို ဝင်လာရင်တောင် အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ၁၈ နှစ်အောက် ကလေးတွေကို ကိုဗစ် ကာကွယ်ဆေး စထိုးပေးရေး အစီအစဉ်က နောက်လမှာ စတင်မယ် ဆိုတာကြောင့် ဆေးလိုအပ်မှု တက်လာနိုင်တဲ့ အတွက် အိန္ဒိယမှာ လက်ရှိအနေအထားအတိုင်းဆိုရင် ကိုဗစ် ကာကွယ်ဆေး မလုံလောက်မှု ဖြစ်လာဖို့ များနေတာကို တွေ့နေရပါတယ်။