ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စင်္ကာပူက ကာရာအိုကေ ဆိုင်တွေမှာ ကိုဗစ်အစုအပြုံလိုက် ကူးစက်မှုဖြစ်
စင်္ကာပူမှာ ကိုရိုနာဗိုင်းရပ်စ် အများဆုံး အစုအပြုံလိုက် ကူးစက်ရာဟာ ကာရာအိုကေ ဆိုင်တွေ ဖြစ်နေပါတယ်။ ဗုဒ္ဓဟူးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၆ ယောက် တွေ့ရှိခဲ့ပါတယ်။ ဒီအရေအတွက်က ၁၀ လအတွင်း နေ့အလိုက် အများဆုံး တွေ့ရှိမှုလည်း ဖြစ်ပါတယ်။ အဲဒီထဲက အများစုကတော့ ကာရာအိုကေ ဆိုင်တွေနဲ့ ဆက်စပ်နေပါတယ်။
ကူးစက်ခံရသူတွေထဲက ၄၁ ယောက်က ကာရာအိုကေ ဆိုင်တွေနဲ့ ပတ်သက်နေတာပါ။ ဒီဆိုင်တွေမှာ သီချင်းဆိုသူတွေကို ဧည့်ခံတဲ့ အမျိုးသမီးငယ်တွေလည်း ရှိကြပါတယ်။
ဒီဆိုင်တွေက လော့ခ်ဒေါင်းတွေချလို့ ပိတ်ထားရတာ လတော်တော်ကြာပြီ ဖြစ်ပေမယ့် ဆိုင်တချို့က အစားအသောက် ရောင်းတဲ့ လိုင်စင်လျှောက်ပြီး ဆက်လည်ပတ်နေကြတာ ဖြစ်ပါတယ်။
စင်္ကာပူမှာ ဗိုင်းရပ်စ်အတွက် ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကို တစစနဲ့ ဖြေလျှော့ပေးလာနေတာ ဖြစ်ပြီး လူတွေကိုလည်း အစုအဖွဲ့လိုက် တွေ့ဆုံခွင့်ပြုသလို ဆိုင်တွေမှာ ထိုင်စားခွင့်တွေလည်း ပြုလာရာမှာ အခုလို ကူးစက်မှု အများအပြားတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ကာရာအိုကေဆိုင်တွေနဲ့ ပတ်သက်တဲ့ ကူးစက်မှုပေါင်း ၅၄ မှု တောင်ရှိနေတာကိုလည်း ခြေရာခံ တွေ့ရှိခဲ့ကြပါတယ်။ ဒါဟာ စင်္ကာပူရဲ့ အများဆုံး အစုလိုက် ကူးစက်ခံရတဲ့ နေရာဖြစ်နေတာကြောင့် ဆိုင်တွေကို ယာယီပိတ်ခိုင်း ထားပါတယ်။
ပထမဆုံးတွေ့ရှိတဲ့ ကူးစက်မှုက ဗီယက်နမ်က လာတဲ့ ကာလတို ရောက်ရှိနေတဲ့ အမျိုးသမီးတယောက်ဆီက ဖြစ်ပါတယ်။ သူဟာ ကာရာအိုကေ ဆိုင်တွေကို မကြာခဏ ရောက်တတ်ပြီး သူနဲ့ တအိမ်တည်း နေကြတဲ့ လူတချို့မှာလည်း ကူးစက်ခံထားရတာကို တွေ့ရပါတယ်။ စင်္ကာပူ ကျန်းမာရေး ဝန်ကြီးဌာနက ကာရာအိုကေ ဆိုင်တွေမှာ ဧည့်ခံဖျော်ဖြေရေး လုပ်ဖို့ အတွက် သွားလေ့ရှိ ကြတဲ့ ဗီယက်နမ်အမျိုးသမီး တချို့နဲ့ သူတို့နဲ့ ပတ်သက် ဆက်စပ်ခဲ့သူတွေကို လိုက်လံ စုံစမ်း ရှာဖွေနေတယ်လို့ ပြောပါတယ်။
ဒီအမျိုးသမီး တွေနဲ့ ထိတွေ့မှု ရှိသူတွေ၊ ကူးစက်မှု တွေ့ရှိခဲ့ရတဲ့ Supreme KTV၊ Empress KTV နဲ့ Club Dolce ကာရာအိုကေဆိုင်တွေကို သွားရောက်ခဲ့သူတွေကိုလည်း အခမဲ့ ဆေးစစ်မှုခံယူကြဖို့ တိုက်တွန်းထားပြီး သူတို့ ဘယ်သူဘယ်ဝါဆိုတာကို လျှို့ဝှက်ပေးထားမယ်ဆို အာမခံထားပါတယ်။ စင်္ကာပူမှာ ကာရာအိုကေနဲ့ အရက်ဘားတွေမှာ မယ်တွေနဲ့ ဧည့်ခံတာတွေကို မလုပ်ဖို့ ပိတ်ပင်ထားတာ ၁ နှစ်မက ရှိပြီဖြစ်ပါတယ်။
စင်္ကာပူ ကျန်းမာရေးဝန်ကြီး Ong Ye Kung က ကိုရီးယားနဲ့ ဟောင်ကောင်မှာ ဒီလိုပဲ လူတွေ ပူးပူးကပ်ကပ် လုပ်ကြတာတွေကြောင့် အစုလိုက်အပြုံလိုက်တွေ ကူးစက်ခံနေရတာ သိနေပြီးသားဖြစ်တယ်၊ ဒါကြောင့်လည်း ပြီးခဲ့တဲ့ တနှစ်ကျော်ကာလ အတွင်း ဒီလိုကိစ္စတွေကို တားမြစ်ထားခဲ့တာ ဖြစ်ပြီး အခုလို စင်္ကာပူမှာပါ ဖြစ်လာတာ တော်တော် စိတ်ပျက်စရာကောင်းပါတယ်လို့ ပြောပါတယ်။
စင်္ကာပူမှာ ကာရာအိုကေ ဆိုင်တွေလို ည ဖျော်ဖြေရေး နေရာတွေကို ကိုဗစ်ကြောင့် ပိတ်ထားတာ ပြီးခဲ့တဲ့ ၂၀၂၀ မတ်လ ကတည်းက ဖြစ်ပါတယ်။ ဒါပေမယ့် တချို့ လုပ်ငန်းတွေကို အစားအသောက်ရောင်းဖို့ အတွက် ဖွင့်ခွင့် ပြုထားပါတယ်။ ဒီလို ည ဖျော်ဖြေရေးတွေကြောင့် ကိုဗစ်ကူးစက်မှုတွေ ဖြစ်ရတာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ တိုင်ဝမ်မှာ ကူးစက်မှုတွေ အများအပြားဟာ အရွယ်ရောက်ပြီးသူတွေ အတွက် အပမ်းဖြေရာ ဖြစ်တဲ့ လက်ဖက်ရည်ဆိုင်တွေလို့ ခေါ်ကြတဲ့ နေရာတွေနဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။ ကိုရီးယားမှာ ဆိုလည်း ညကလပ်တွေနဲ့ဆက်စပ်နေတဲ့ ကူးစက်မှုတွေ အများကြီး တွေ့ခဲ့ရပါတယ်။