ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ်ကာလ အိန္ဒိယမှာ သေဆုံးသူ အစိုးရ ခန့်မှန်းတာထက် ၁၀ ဆ ပိုများ
- ရေးသားသူ, ဆိုတစ် ဘဇ်ဝက်စ်
- ရာထူးတာဝန်, အိန္ဒိယ သတင်းထောက်
ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ အိန္ဒိယမှာ ပိုမို သေဆုံးသူအရေအတွက်ဟာ ၄ သန်းကျော်တယ်လို့ လေ့လာချက်သစ်တစ်ခုအရ သိရပါတယ်။
ဒီစာရင်းကောက်ယူမှုစနစ်ဟာ အရင်နှစ်တွေကထက်စာရင် လူဘယ်လောက် ပိုသေဆုံးသလဲ ဆိုတာကို တိုင်းတာတဲ့ စနစ်ဖြစ်ပါတယ်။
ဒီသေဆုံးသူတွေထဲက ဘယ်နှယောက်က ကိုဗစ်ရောဂါနဲ့ သေဆုံးတာလဲ ဆိုတာကို အတိအကျပြောဖို့ ခက်ပေမဲ့ ခြုံကြည့်ရင် အဲဒီလူတွေဟာ ကပ်ရောဂါရဲ့ ရိုက်ခတ်မှုကြောင့် ဆုံးပါးခဲ့ကြတာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ လောလောဆယ် ကိုဗစ်-၁၉ ရောဂါကြောင့် လူ ၄ သိန်း ၁ သောင်း ၄ ထောင်ကျော် သေဆုံးခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ထားတာပါ။
အမေရိကန် အခြေစိုက် ကမ္ဘာတဝန်း ဖွံ့ဖြိုးတိုးတက်ရေးဌာနရဲ့ သုတေသီ ပညာရှင်တွေက ကွဲပြားခြားနားတဲ့ သတင်းအချက်အလက် ရင်းမြစ် ၃ ခုကို အသုံးပြုပြီး ကိုဗစ်ကာလအတွင်း ဇွန်လ ၂၁ ရက်နေ့အထိ အိန္ဒိယနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့သူ အရေအတွက်ကို လေ့လာ ဆန်းစစ်ခဲ့ပါတယ်။
ပထမတစ်ခုအဖြစ် သုတေသီတွေဟာ အိန္ဒိယနိုင်ငံရဲ့ လူဦးရေ တစ်ဝက် နေထိုင်နေတဲ့ ပြည်နယ် ၇ ခုက သေဆုံးမှတ်တမ်းတွေကို နှံ့နှံ့စပ်စပ် လေ့လာခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံဟာ နှစ်စဉ် သေဆုံးစာရင်းကို လေ့လာစစ်တမ်း ကောက်ယူခဲ့ပေမဲ့ ၂၀၁၉ ခုနှစ်အထိသာ စာရင်း ထုတ်ပြန်ထားတာပါ။
ဒုတိယတစ်ခုက ဆီရို စစ်တမ်းလို့လည်း ခေါ်တဲ့ အသက်အရွယ်အလိုက် ကိုဗစ်ကြောင့် သေဆုံးမှုနှုန်း၊ ကိုဗစ်ကြောင့် သေဆုံးသူ စုစုပေါင်း အရေအတွက်ကအစ နိုင်ငံတဝန်း ပဋိသွေးရည်ကြည် စမ်းသပ်စစ်ဆေးမှု နှစ်ခုကရတဲ့ အချက်အလက် စတာတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာက ခန့်မှန်းပေးဖို့ လေ့လာသူ သုတေသီတွေက တင်ပြခဲ့ကြပါတယ်။
တတိယအနေနဲ့ အိမ်ထောင်စု ၁ သိန်း ၇ သောင်း ၇ ထောင်ထဲက လူ ၈ သိန်း ၆ သောင်း ၈ ထောင်ကို အိန္ဒိယအစိုးရက လေ့လာစစ်တမ်း ကောက်ယူထားမှုတွေကို သုံးသပ်ပါတယ်။ အဲဒီစစ်တမ်းတွေမှာ ပြီးခဲ့တဲ့ ၄ လတာကာလအတွင်း မိသားစုဝင်တွေထဲမှာ သေဆုံးသူ ရှိမရှိ ဆိုတာကို လေ့လာ မှတ်တမ်းယူပါတယ်။
ဒီရင်းမြစ် ၃ ခုက အချက်တွေအားလုံး ပေါင်းလိုက်တဲ့အခါ သေဆုံးသူ အရေအတွက်ဟာ ၃ သန်း ၄ သိန်းကနေ ၄ သန်း ၇ သိန်းလောက်အထိ ရှိနေတာကို တွေ့ခဲ့ရပြီး ဒါဟာ အိန္ဒိယအစိုးရ ထုတ်ပြန်ထားတဲ့ ကိုဗစ်ကြောင့် သေဆုံးသူ အရေအတွက်ထက် ၁၀ ဆ ပိုများနေပါတယ်။
ဒီကိန်းဂဏန်းဟာ ကပ်ရောဂါဗေဒ ပညာရှင်တွေရဲ့ တခြားခန့်မှန်းချက်တွေထက် အများကြီး ပိုများနေပါတယ်။ သူတို့ကတော့ အိန္ဒိယအစိုးရ ထုတ်ပြန်တဲ့အရေအတွက်ထက် ၅ ဆကနေ ၇ ဆ လောက်အထိ ပိုများမယ်လို့ ခန့်မှန်းထားခဲ့တာပါ။
ဒီသေဆုံးသူတွေအားလုံးဟာ ကိုဗစ်ကြောင့် သေတဲ့သူတွေချည်း မဟုတ်ပါဘူး။ ကိုဗစ်ကြောင့် သေဆုံးသူ တကယ့်အရေအတွက်ကို ခန့်မှန်းဖို့ကတော့ ခက်ခဲလိမ့်မယ်လို့ အိန္ဒိယစီးပွားရေး အကြံပေး အကြီးအကဲဟောင်းလည်းဖြစ်၊ ဒီလေ့လာချက် ပြုစုသူတစ်ဦးလည်း ဖြစ်တဲ့ အာဗင် ဆူဘရာမာနီယန်က ပြောပါတယ်။
ကိုဗစ်ကြောင့် လူဘယ်လောက် သေခဲ့သလဲ ဆိုတဲ့ အချက်အလက် ကိန်းဂဏန်းတွေက ကွဲပြားနေပေမဲ့ သေဆုံးသူ အရေအတွက် အမှန်ဆုံး ရနိုင်ဖို့အတွက် လေ့လာသူတွေက ဆီရို စစ်တမ်း အများအပြားပေါ် အခြေခံပြီး ရောဂါကူးစက်မှုနှုန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို လေ့လာသုံးသပ်ခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ရောဂါကူးစက်မှု အရေအတွက်ကိုယူပြီး ကိုဗစ်ကူးစက်မှုကြောင့် လူဘယ်လောက် သေဆုံးနိုင်ဖွယ် ရှိသလဲ ဆိုတာကို နိုင်ငံတကာရဲ့ လေ့လာချက်တွေကနေ သုံးသပ် ခန့်မှန်းခဲ့ကြပါတယ်။
သုတေသီတွေက အသက်အရွယ်အုပ်စု တခုချင်းစီကို လေ့လာ ဆန်းစစ်ခဲ့ကြရာမှာ အသက်အရွယ် အလိုက် အိန္ဒိယလူမျိုးတွေအကြား ရောဂါကူးစက်မှု အရေအတွက်မှာ ရောဂါကြောင့် သေဆုံးမှုနှုန်း ဘယ်လောက် ရှိသလဲ ဆိုတာကို နိုင်ငံတကာရဲ့ ခန့်မှန်းချက်တွေနဲ့ ယှဉ်ပြီး သုံးသပ်ခဲ့ကြပါတယ်။
ဒီကိန်းဂဏန်းအချက်အလက်တွေအရ အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကာလအတွင်း လူ ၄ သန်း သေဆုံးခဲ့တယ် ဆိုတာကို ဖော်ပြနေတယ်လို့ ဒေါက်တာ ဆူဘရာမာနီယန်က ပြောပါတယ်။
မနှစ်က ဖြစ်ခဲ့တဲ့ ကိုဗစ် ပထမလှိုင်းဟာ လူတွေ ယုံကြည်ယူဆထားခဲ့တာထက် အသေအပေျာက် ပိုများခဲ့ပုံရတယ်လို့ သုတေသီတွေက ပြောပါတယ်။ သေဆုံးသူအရေအတွက် များပုံမပေါ်ဘဲ အလယ်အလတ် လောက်ပဲလို့ ထင်ရတာဟာ သေဆုံးမှုတွေက အချိန်နဲ့ နှုန်း ဖြန့်ကြက်သွားလို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ကောက်ချက်တွေထဲက တစ်ခုကတော့ အခုလို သေဆုံးသူ အရေအတွက် ကွာနေရတာဟာ အိန္ဒိယနိုင်ငံဟာ ထူးခြားမှုတွေကို ဆန်းစစ်သုံးသပ်လေ့ ရှိတဲ့ နိုင်ငံမျိုးမဟုတ်ဘဲ လူသေဆုံးမှုနှုန်းက နှိုင်းယှဉ်နိုင်တဲ့ အရွယ်အစားနဲ့ ကူးစက်မှုနှုန်း တူတဲ့ တခြားနိုင်ငံတွေနဲ့ သိပ်မကွာခြားလို့ ဖြစ်တယ်လို့ ဒေါက်တာ ဒေါက်တာ ဆူဘရာမာနီယန်က ပြောပါတယ်။
သတင်းရင်းမြစ်နဲ့ ခန့်မှန်းချက်တွေက ဘယ်လိုပဲ ဆိုဆို အရေးအပါဆုံး အချက်ကတော့ ကိုဗစ် ကပ်ရောဂါကာလအတွင်း တကယ်တမ်း သေဆုံးခဲ့တဲ့ လူအရေအတွက်ဟာ အစိုးရ ထုတ်ပြန်ခဲ့ တာထက် အများကြီး ပိုများနေပုံ ရှိတယ်ဆိုတဲ့ အချက်ဖြစ်တယ်လို့ သုတေသီတွေက ပြောပါတယ်။
"တကယ် သေဆုံးသူအရေအတွက်ဟာ သိန်းဂဏန်း မကဘဲ သန်းပေါင်းများစွာ ရှိခဲ့ပုံရပါတယ်၊ နိုင်ငံနှစ်ပိုင်းကွဲပြီး လွတ်လပ်ရေး တိုက်ပွဲကာလ နောက်ပိုင်း အိန္ဒိယနိုင်ငံမှာလူအသေအပျောက် အများဆုံးလို့ ပြောလို့ ရနိုင်ပါတယ်"