အာဖဂန်နစ္စတန် အနာဂတ်ကို ကိုယ်တိုင်ဆုံးဖြတ်ရမယ်လို့ အမေရိကန်ပြော

အာဖဂန်နစ္စတန် နိုင်ငံအနေနဲ့ နိုင်ငံရဲ့ အနာဂတ်ကို ကိုယ်တိုင် ဆုံးဖြတ်ရမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။

ဇွန်လ ၂၄ ရက်နေ့က အမေရိကန်နိုင်ငံကို ရောက်ရှိလာတဲ့ အာဖဂန်သမ္မတ အက်ရှရက်ဖ် ဂါနီက အမေရိကန်အိမ်ဖြူတော်ကို လာရောက်ပြီး တွေ့ဆုံစဉ်မှာ အမေရိကန် သမ္မတ ဘိုင်ဒန်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အမေရိကန်တပ်တွေနဲ့တကွ မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ဝင် နေတိုးရဲ့ တပ်တွေဟာ လာမယ့် စက်တင်ဘာလ ၁၁ ရက်နေ့မှာ အာဖဂန်နစ္စတန်နိုင်ငံကနေ ဆုတ်ခွာလာကြမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန်နိုင်ငံအနေနဲ့ အာဖဂန်နစ္စတန်နိုင်ငံကို ဆက်လက် ထောက်ပံ့ပေးသွားမယ်လို့ မစ္စတာ ဘိုင်ဒန်က ပြောပါတယ်။

တချိန်တည်းမှာပဲ အာဖဂန်အစိုးရဆန့်ကျင်သူ အစ္စလာမ္မစ်ဝါဒီ တာလီဘန် တိုက်ခိုက်ရေးသမားတွေက ဒါဇင်နဲ့ ချီတဲ့ ခရိုင်ဒေသတွေကို သိမ်းပိုက်လာနိုင်နေပါတယ်။

အခုလို သိမ်းပိုက်လာနိုင်မှုတွေကို ကုလသမဂ္ဂကလည်း စိုးရိမ်ကြောင်း ပြီးခဲ့တဲ့အပတ်က ပြောဆိုထားခဲ့ပါတယ်။

ဒါ့အပြင် တဖက်မှာလည်း အမေရိကန်စစ်တပ်နဲ့ တွဲဖက်အလုပ်လုပ်ကိုင်ခဲ့သူ ထောင်ချီတဲ့ အာဖဂန်နိုင်ငံသားတွေကို တာလီဘန်တွေက လက်တုံ့ပြန်လာနိုင်တဲ့အတွက် တခြားနိုင်ငံတွေကို အမေရိကန်က ရွှေ့ပြောင်းပေးမယ့် အစီအစဉ်ကို အမေရိကန်နိုင်ငံက ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကြေညာထားခဲ့ပါတယ်။

အာဖဂန် သမ္မတ မစ္စတာ ဂါနီ ကတော့ အမေရိကန်ရဲ့ အာဖဂန်နစ္စတန်နိုင်ငံက တပ်တွေ ရွှေ့တော့မယ့် သမ္မတ ဘိုင်ဒန်ရဲ့ သမိုင်းဝင် ဆုံးဖြတ်ချက်ကို လေးစားထောက်ခံပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် တာလီဘန်တွေက သိမ်းယူထားတဲ့ ခရိုင်ခြောက်ခုကိုလည်း ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး အခက်အခဲတွေကို ကျော်လွှားနိုင်လိမ့်မယ်လို့လည်း သူက ပြောပါတယ်။

အာဖဂန်သမ္မတဟာ အာဖဂန်အစိုးရအဖွဲ့ အရာရှိချုပ် ဒေါက်တာ အဗ္ဗဒူလာ အဗ္ဗဒူလာနဲ့အတူ အမေရိကန်နိုင်ငံကို လာရောက်ခဲ့တာ ဖြစ်ပြီး နှစ်ရက်တာ ခရီးစဉ်အတွင်းမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီးနဲ့တကွ၊ ကွန်ဂရက် အမတ်တွေကို တွေ့ဆုံခဲ့တဲ့အပြင် အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ CIA က တာဝန်ရှိသူတွေလည်း တွေ့ဆုံခဲ့ပါတယ်။

ဘီဘီစီ နိုင်ငံတကာ သတင်းထောက်ချုပ် လစ်စ် ဒူးဆေး သုံးသပ်ချက်

အမေရိကန်သမ္မတ ဘိုင်ဒန်က အာဖဂန်တွေကို ကိုယ့်အနာဂတ်ကိုယ် ဆုံးဖြတ်ဖို့ ပြောဆိုမှုဟာ အငြင်းပွားမှုတွေဖြစ်နေတဲ့ အာဖဂန်ခေါင်းဆောင်တွေအကြား ညီညွတ်မှု တည်ဆောက်ဖို့ တွန်းအားပေးလိုက်တာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက် လစ်စ် ဒူးဆေးက သုံးသပ်ပါတယ်။

အခုလို ညီညွတ်မှု တည်ဆောက်ဖို့ လိုအပ်တဲ့အတွက်ကြောင့်လည်း ဒေါက်တာ အဗ္ဗဒူလာ ကိုပါ အမေရိကန်က ဖိတ်ခေါ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း အာဖဂန်လုံခြုံရေးတပ်ဖွဲ့ရဲ့ အားနည်းမှုတွေ ရှိနေပါတယ်။ အထူးသဖြင့် တာလီဘန်တွေ တိုက်ခိုက်မှုတွေကို တွန်းလှန်နေရတဲ့ အာဖဂန်အစိုးရတပ် ရဟတ်ယာဉ်ထိန်းသိမ်းရေးအပိုင်း အားနည်းမှုလည်း အပါအဝင်ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်သမ္မတဘက်ကတော့ အာဖဂန်တွေဘက်က လိုအပ်တဲ့ အသုံးအဆောင်တွေအတွက် အကူအညီပေးမယ်လို့ ပြောဆိုထားပြီး နောင်ဖြစ်လာမယ့် အာဖဂန်နစ္စတန် အခြေအနေတွေက နှစ်နိုင်ငံစလုံးကို သက်ရောက်မှု ကြီးကြီးမားမား ရှိလာမှာဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က သုံးသပ်ထားပါတယ်။