ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဖဂန်အစိုးရနဲ့ တာလီဘန်တို့ရဲ့ ပထမဆုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲ
ကာတာမှာ လုပ်နေတဲ့ အာဖဂန်နစ္စတန် အစိုးရနဲ့ တာလီဘန်အဖွဲ့တို့ရဲ့ ပထမဆုံးအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အစိုးရဘက်က လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးလုပ်ကြဖို့ နှိုးဆော်လိုက်ပါတယ်။
အစိုးရကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင်လာတဲ့ အဘ္ဘဒူလာ အဘ္ဘဒူလာက "စစ်ပွဲနွှဲပြီး ဘယ်သူမှ အောင်ပွဲမရနိုင်ဘူး" လို့ အလေးအနက်ထားပြောခဲ့ပါတယ်။
တာလီဘန်တို့ကတော့ အပစ်အခတ်ရပ်ဖို့နဲ့ ပတ်သက်လို့ တစ်စုံတစ်ရာမပြောပါဘူး၊ သူတို့က အာဖဂန်နစ္စတန်ကို အစ္စလာမ်မစ် ဥပဒေနဲ့ အုပ်ချုပ်ရမယ်ဆိုတာကိုသာ အလေးထားပြောပါတယ်။
"တစ်ကမ္ဘာလုံးက ခင်ဗျားတို့ အောင်အောင်မြင်မြင် လုပ်နိုင်ကြဖို့ကို မြင်ချင်နေကြတာ" လို့ အမေရိကန်က ပြောရင်း နှစ်ဖက်စလုံးအနေနဲ့ သဘောတူညီချက်ရဖို့ တိုက်တွန်းနေပါတယ်။
အာဖဂန်မှာ လက်နက်ကိုင် ပဋိပက္ခက ဆယ်စုနှစ် ၄ စုကြာအောင်ဖြစ်နေခဲ့ပြီး သောင်းနဲ့ချီတဲ့ အရပ်သားတွေ သေဆုံးခဲ့ပါတယ်။
အာဖဂန်မှာ အမေရိကန်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ စတင်စေခဲ့တဲ့ အယ်ခိုင်းဒါးတိုရဲ့ စက်တင်ဘာ ၉ ရက်တိုက်ခိုက်မှု ၁၉နှစ်မြောက် နှစ်ပတ်လည်ပြီး နောက်တစ်ရက်ဖြစ်တဲ့ စက်တင်ဘာ ၁၂ ရက်နေ့မှာ ဒီ သမိုင်းဝင်ဆွေးနွေးပွဲ စတင်လိုက်တာပါ။
အမေရိကန်သမိုင်းမှာ သူတို့ ပါဝင်ခဲ့တဲ့ ပဋိပက္ခတွေထဲ အာဖဂန် ပဋိပက္ခက အရှည်ကြာဆုံးပါ။
ဒီဆွေးနွေးပွဲတွေက ဘာဖြစ်လို့ သိပ်အရေးပါတာပါလဲ
ဒီဆွေးနွေးပွဲတွေဟာ တာလီဘန်တွေနဲ့ အာဖဂန်အစိုးရ ကိုယ်စားလှယ်တွေကြား ပထမဆုံးအကြိမ် တိုက်ရိုက် တွေ့ဆုံစကားပြောကြတာပါ။ အရင်ကဆိုရင် တာလီဘန်တို့က အစိုးရဟာ ဘာအာဏာမှ ရှိတာမဟုတ်ဘူး၊ အမေရိကန်ရဲ့ ရုပ်သေးတွေ ဆိုကာ တွေ့ဆုံဖို့ ငြင်းဆိုခဲ့ကြတာပါ။
ဆွေးနွေးပွဲ ဖွင့်လှစ်တဲ့အခမ်းအနားမှာပဲ အာဖဂန်နစ္စတန် ငြိမ်းချမ်းရေးကောင်စီ အကြီးအကဲ အဘ္ဘဒူလာ အဘ္ဘဒူလာက ချက်ချင်း အပစ်အခတ်ရပ်စဲကြဖို့ ပန်ကြားခဲ့ပြီး ရိုက်တာသတင်းဌာနကို "ပြည်သူတွေ အလိုလားဆုံးတွေထဲမှာ ထိပ်ဆုံးကတစ်ခုကတော့ အတိုက်အခိုက်တွေ သိသိသာသာလျှော့ချတာကို လိုချင်နေတာပါ" လို့ ပြောခဲ့ပါတယ်။
သူ့ကိုယ်စားလှယ်အဖွဲ့ဟာ "အမိမြေက ယဉ်ကျေးမှုအရ၊ လူမှုရေးအရ၊ လူမျိုးရေးအရ ကွဲပြားတဲ့ နောက်ခံပေါင်းစုံက သန်းပေါင်းများစွာသော အမျိုးသားတွေ၊ အမျိုးသမီးတွေက ထောက်ခံထားတဲ့ နိုင်ငံရေး စနစ်တစ်ခုကို ကိုယ်စားပြုပြီးလာခဲ့တာ" လို့ သူက ပြောရင်း၊ သူတို့အနေနဲ့ "စစ်တံခါးပိတ်ပြီး နာကျင်မှုတွေကို လုံးဝ အဆုံးသတ်နိုင်ဖို့ မျှော်လင့်ထားတယ်" လို့ ဆိုပါတယ်။
တာလီဘန်ခေါင်းဆောင် မူလာ ဘာရာဒါ အက်ခ်ဟန်းက သူ့အနေနဲ့ ဆွေးနွေးပွဲတွေဟာ "စိတ်ရှည်သည်းခံမှုနဲ့အတူ ရှေ့ကိုဆက်သွားဖို့" မျှော်လင့်ကြောင်း ဒီကာလမှ ပြောလိုက်ပါတယ်။
သူက အာဖဂန်ဟာ "လွတ်လပ်ပြီး ညီညွတ်တဲ့နိုင်ငံဖြစ်ရမယ်၊ နောက်ပြီး …. လူမျိုးစုပေါင်းစုံ၊ လူမျိုးပေါင်းစုံဟာ ခွဲခြားကန့်သတ်မှုတွေ ကင်းပပြီး အစ္စလာမ်မစ် စနစ်အောက်မှာ ရှိတာ" ကို သူမျှော်လင့်ကြောင်း ပြောပါတယ်။
အမေရိကန်ကတော့ တာလီဘန်တို့နဲ့ သဘောတူညီချက်ကို ဖေဖော်ဝါရီလမှာ ရခဲ့ပြီး အခု ဆွေးနွေးပွဲတွေဟာ "တကယ့်ကို ကြီးမားတဲ့" အခွင့်အလမ်းတွေပါလို့ ဆိုပါတယ်။
နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီယိုက "ဒီအထိရောက်လာအောင် ဒီဆွေးနွေးပွဲမှာ ထိုင်နေကြသူအားလုံး ကိုယ်စီက အပြင်းအထန်ကြိုးစားခဲ့ကြတယ်၊ စွန့်လွှတ်ခဲ့ကြတယ်လို့ သူမြင်တယ်" လို့လည်း ပြောခဲ့ပါတယ်။
"တစ်ကမ္ဘာလုံးကို ခင်ဗျားတို့ အောင်မြင်မှုရတာကို မြင်လိုကြတယ်၊ တစ်ကမ္ဘာလုံးက ခင်ဗျားတို့ အောင်မြင်ကြပါစေလို့ မျှော်လင့်နေကြတာပါ"လို့ မိုက်ခ် ပွန်ပီယိုကပြောပါတယ်။
သဘောတူညီချက်ရဖို့ ဘယ်လောက်ခက်ခဲနေလဲ
ဆွေးနွေးပွဲဝိုင်းမှာ ပါဝင်နေတဲ့သူတိုင်းက သူတို့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာကို သိထားကြ ပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ငန်းစဉ်က ကျိုးလွယ်ပဲ့လွယ်အနေအထားမို့ ဆွေးနွေးကြတာတွေ အထဲ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို နောက်ကိုပို့ထားလိုက်မှာကို အများက စိုးရိမ်ကြပါတယ်။
အမျိုးအမီးအခွင့်အရေး လှုပ်ရှားဆောင်ရွက်သူတစ်ယောက်က တာလီဘန် ကိုယ်စားလှယ်အဖွဲ့ထဲမှာ "အမျိုးသမီးတစ်ယောက်မှ မပါဘူး" ဆိုတာကို ထောက်ပြပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံအတွက် ဆုပ်ဆုပ်ကိုင်ကိုင်ရှိတဲ့ နိုင်ငံရေး မျှော်ရည်ချက်ကို ပြသဖို့လိုတဲ့ တာလီဘန်တို့အဖို့လည်း ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲက စိန်ခေါ်မှုတစ်ခုပါ။ အခုထိတော့ သူတို့တင်ပြပုံတွေက ဝေဝေဝါးဝါးသာရှိပါသေးတယ်၊ သူတို့က "အားလုံးပါဝင်နိုင်တဲ့" အစိုးရကို မြင်ချင်တယ်လို့ တစ်ဖက်မှာဆိုနေသလို၊ တစ်ဖက်မှာလည်း "အစ္စလာမ်မစ်" အစိုးရလို့ ဆိုနေပါတယ်။
၁၉၉၀ နှစ်များတစ်ဝိုက်တုန်းက သူတို့ အုပ်ချုပ်စဉ်မှာ ရှရီယား ဥပဒေတွေကို တင်းတင်းကျပ်ကျပ် ဘာသာပြန်အုပ်ချုပ်ခဲ့တာမျိုးကနေ ဘယ်လောက်အထိသူတို့ပြောင်းလဲနေပြီလဲဆိုတာကို ဒီပွဲမှာ ထင်ထင်ရှားရှား ပြနိုင်ဖို့ကလည်း တာလီဘန်တွေအဖို့ အရေးကြီးနေပါတယ်။