ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လုံခြုံရေးကြောင့် အာဖဂန်နစ္စတန်က သြစတြေးလျသံရုံး ပိတ်သိမ်းသွားဖို့ရှိ
နိုင်ငံတကာတပ်တွေ အာဖဂန်နစ္စတန်က ထွက်ခွာနေကြတဲ့အလားတူ အာဖဂန်မြို့တော်ကဘူးမှာ အခြေစိုက်ထားတဲ့ သူတို့ သံရုံးကို သောကြာနေ့ကစပြီး ပိတ်ပစ်တော့မယ်လို့ သြစတြေးလျ အစိုးရက ထုတ်ပြန်လိုက်ပါတယ်။
သူတို့သံရုံးပိတ်ရတဲ့ အကြောင်းပြချက်ဟာ လုံခြုံရေး မတည်ငြိမ်မှုတွေတိုးလာတာကြောင့်လို့ ကြေညာချက်ထဲမှာဖေါ်ပြထားပါတယ်။ ဒါပေမယ့် လိုအပ်လာတဲ့ကိစ္စတွေလုပ်ဖို့ အာဖဂန်နစ္စတန်ကို သြစတြေးလျ သံတမန်တွေပုံမှန်သွားဖို့ရှိတယ်လို့လည်း ရေးထားပါသေးတယ်။ သံရုံးကို ဒေသတွင်းက တခြားနေရာမှာ အခြေစိုက်ထားမယ်လို့ ပြောပါတယ်။
သံရုံးပိတ်မယ့်ကိစ္စဟာ ရေရှည်မဟုတ်ဘူးလို့ သူတို့အနေနဲ့မျှော်လင့်ထားပြီး နောက်ပိုင်းမှာ သံရုံးကို အရင်လိုပြန်ဖွင့်နိုင်မယ်လို့ မျှော်လင့်တယ်လို့ အာဖဂ္ဂန်နစ္စတန်ဘက်က ကြေညာ ချက် ထုတ်ပြန်ထားပါတယ်။
"သံရုံးပိတ်ရတဲ့ကိစ္စတဲ့အကြောင်းပြချက်ထဲမှာ လုံခြုံရေးစိုးရိမ် ရတာကြောင့်လို့ ပြောတယ်။ ဒါဆိုလဲ လူအချို့စိတ်ထဲမှာရှိနေတဲ့ မေးခွန်းတစ်ခုကိုမေးချင်တာက ဒီလိုအခြေအနေကျမှ အာဖ ဂန်နစ္စတန်ကနေ ဘာလို့ ထွက်သွားရတာလဲ။ ဒါဆိုလဲဘာကြောင့် နှစ်၂၀လောက် ဒီတိုင်းပြည်ထဲ မှာရှိနေခဲ့ရတာလဲ"
အလားတူ အမေရိကန်ဦးဆောင်တဲ့ နေတိုးတပ်ဖွဲ့တွေ အာဖဂန်နစ္စတန်ကအပြီးထွက်သွားရင် အရင်လို စစ်ပွဲပုံစံမျိုး ပြန်ဖြစ်လာမှာကို စိုးရိမ်မှုတွေလည်းရှိနေပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း အာဖဂန်နစ္စတန်နိုင်ငံထဲမှာ နှစ်၂၀ကြာ စစ်ရေး ကိစ္စတွေမှာ ဝင်ပါနေခဲ့ တဲ့ သူတို့တပ်တွေ စက်တင်ဘာ ၁၁ ရက် နောက်ဆုံးထားပြီး ထွက်တော့မယ်လို့ ဧပြီလတုန်းက ပြောထားပါတယ်။
အာဖဂန်နစ္စတန် နိုင်ငံထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ နေတိုးတပ်ဖွဲ့ဝင် ၉၆၀၀ ထဲမှာ အမေရိကန်တပ်ဖွဲ့ဝင် အနည်းဆုံး ၂၅၀၀ ပါဝင်နေပါတယ်။
သြစတြေးလျကလည်း အာဖဂနစ္စတန်မှာ သူတို့တပ်ဖွဲ့ဝင် ၁၅၀၀ ရှိရာကနေ လွန်ခဲ့တဲ့ ၂ နှစ်ကျော် ကာလအတွင်း ၈၀ အထိ လျော့ချခဲ့ပါတယ်။
အာဖဂန်နစ္စတန်က တာလီဘန်အဖွဲ့ဟာ အခုအချိန်ထိ သူတို့လုပ်မယ်လို့ပြောထားတဲ့ အကြမ်းဖက်လုပ်ရပ်တွေ လျှော့ချသွားဖို့ ပျက်ကွက်ခဲ့တယ်လို့ အမေရိကန်နဲ့ နေတိုး တာဝန်ရှိတဲ့သူတွေက မကြာခင်ကမှ ပြောထားပါတယ်။
ပူးပေါင်းဆောင်ရွက်မှုတွေ သြစတြေးလျ ဆက်လုပ်သွားမယ်
သြစတြေးလျဝန်ကြီးချုပ် စကော့ မောရစ်ဆင်နဲ့ နိုင်ငံခြားဝန်ကြီး မာရစ်ပိန်းတို့ အင်္ဂါနေ့က ပူးတွဲ ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ အခုလိုပြောထားပါတယ်။
"ကျွန်တော်တို့ သံရုံးကို ၂၀၂၁ခုနှစ် မေလ ၂၈ ရက် ကစပြီး ပိတ်သွားပါမယ်။ အခြေနေပေးရင် ပြန်ဖွင့်နိုင်မယ်လို့ ရည်ရွယ်ထားတဲ့အတွက် ဒီပိတ်သိမ်းမှုဟာ ယာယီပိတ်သိမ်းမှုဖြစ်မယ်လို့ သြစတြေးလျဘက်က မျှော်လင့်ပါတယ်။
ပြီးတော့ အာဖဂန်နစ္စတန်နဲ့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်သွားမှာဖြစ်ပြီး အာဖဂန်နစ္စတန်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊တည်ငြိမ်အေးချမ်းဖို့ကိစ္စတွေ အခြား တိုင်းပြည် တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားပါမယ်။"
ဒါပေမယ့် သြစတြေးလျသံတမန်တွေ ဘယ်ဒေသတွေမှာ အခြေစိုက် လုပ်ကိုင် သွားမယ်ဆိုတာတော့ ဒီကြေညာချက်ထဲမှာ ပါတာတော့ မတွေ့ရပါဘူး။
တာလီဘန်တပ်တွေ အနေနဲ့ ကတိပေးထားတဲ့ အတိုင်း ငြိမ်းချမ်း ရေးသဘော တူညီ ချက် ကိုဆက်လက် လိုက်နာပြီး အယ်လ်ခိုင်ဒါးတပ်တွေ သို့မဟုတ် အခြားတပ်တွေကို အာဖ ဂန်ထဲမှာခြေချခွင့်မပေးဘူးဆိုရင် အမေရိကန်နဲ့ နေတိုးတပ်တွေ ၁၄ လအတွင်း အာဖဂန်က ထွက်သွားမယ်လို့ ပြီးခဲ့တဲ့ နှစ်ဖေဖော်ဝါရီလတုန်းက အမေရိကန်နဲ့ တာလီဘန်တို့ အကြား ချုပ်ဆိုခဲ့တဲ့ ငြိမ်းချမ်းရေး စာချုပ်ထဲမှာသဘောတူထားတာရှိပါတယ်။
အာဖဂန်အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေစလုပ်တဲ့အခါမှာလည်း အကျဉ်းသားလဲတဲ့ အစီအစဉ်တွေပါပြီး သူတို့လူထောင်နဲ့ ချီကို လွှတ်ပေးဖို့ တာလီဘန်အဖွဲ့က တောင်းဆိုထားပါတယ်။
သမိုင်းဝင်သဘောတူညီအရ တာလီဘန်တပ်တွေက နိုင်ငံတကာတပ်တွေကို တိုက်ခိုက်တာတွေ ရပ်သွားခဲ့ပေမယ့် အာဖဂန်အစိုးရကို ဆန့်ကျင်တိုက်ခိုက်တာတွေတော့ ဆက်လုပ်နေပါတယ်။
ဒီလအစောပိုင်းတုန်းက ကာဘူးမြို့က အလယ်တန်းကျောင်းတစ်ကျောင်း အပြင်ဘက်မှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့တာကြောင့် လူ ၆၀ ကျော် သေဆုံးခဲ့ပြီး သေဆုံးသူအများစုက မိန်းကလေးတွေဖြစ်ပါတယ်။
ကဘူးမြို့အနောက်ပိုင်း ဒါချ်အီဘာချီဒေသမှာဖြစ်ခဲ့တဲ့ ဒီတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့ကမှ သူတို့လုပ်တာလို့ ဝန်ခံထားတာမရှိသေးပါဘူး။
ဒီတိုက်ခိုက်မှုက တာလီဘန်တွေရဲ့ လက်ချက်လို့ အာဖဂန်အစိုးရက စွပ်စွဲထားပေမယ့် တာလီဘန်တွေဘက်ကတော့ ငြင်းဆိုထားပါတယ်။