ပြင်သစ်မှာလည်း လက်ဆွဲနှုတ်ဆက်တာမလုပ်ဖို့ ကျန်းမာရေး ဝန်ကြီးပြော

ကိုရိုနာ ဗိုင်းရပ်စ် ပြန့်ပွားမှုကြောင့် ဆွစ်ဇာလန်မှာ လူ တယောက်နဲ့ တယောက် နမ်းရှုပ်မှုကို ရှောင်ကြဉ်ခိုင်းထားပါတယ်။

လူမှုရေးအရ တွေ့ဆုံတဲ့အခါ လူတယောက်နဲ့ တယောက် ခပ်ခွာခွာအနေအထားမှာ ပြောဆို ဆက်ဆံခြင်းဟာ ရောဂါပိုး ပြန့်ပွားမှု နှေးကွေးသွားစေဖို့ အကောင်းဆုံး နည်းလမ်း တရပ် လို့ ဆွစ် သတင်းစာ တစောင်ကို ဆွစ်ဇာလန် ကျန်းမာရေး ဝန်ကြီး Alain Berset က ပြောပါတယ်။

ဆွစ်ဇာလန် နိုင်ငံမှာ ယောက်ျား မိန်းမ မရွေး တယောက်နဲ့ တယောက် တွေ့ဆုံတဲ့အခါ ပါးတစ်ဖက်တချက်စီကို သုံးကြိမ်နမ်း နှုတ်ဆက်လေ့ ရှိကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကလည်း ပြင်သစ် ကျန်းမာရေး ဝန်ကြီး အိုလီဗာ ဗာရန် က လက်ဆွဲနှုတ်ဆက်မှုတွေကို ရှောင်ရှားဖို့ ပြောကြားခဲ့ပါတယ်။

တချိန်တည်းမှာ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ပြည်နယ်မှာတော့ လွန်ခဲ့တဲ့ သီတင်းခြောက်ပတ် အတွင်း Covid-19 ဗိုင်းရပ်စ် ပြန့်နှံ့ပြီး လူ ၁၅၀၀ လောက် ကူးစက် ခံနေရတယ်လို့ အမေရိကန် ဆေးသုတေသီတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စနေ တနင်္ဂနွေမှာ အနောက်မြောက်ဖက် ပြည်နယ်က အသက် ၅၀ ဝန်းကျင်ရှိ အမျိုးသား တယောက် သေဆုံးမှုဟာ ကိုရိုနာ ဗိုင်းရပ်စ်နဲ့ ပထမဆုံး သေဆုံးသူ အဖြစ် အတည်ပြုခဲ့ကြပါတယ်။

လတ်တလော စုဆောင်းရရှိတဲ့ နမူနာတွေကို ကြည့်ရင် လွန်ခဲ့တဲ့ သီတင်းခြောက်ပတ်တုန်းက ဆေးရုံရောက်လာတဲ့ လူနာမှာ တွေ့ရှိရတဲ့ ရောဂါပိုးနဲ့ အတူတူ ဖြစ်တဲ့အတွက် အဲဒီဒေသက လူမှုအသိုင်းအဝိုင်းထဲမှာ ဒီရောဂါပိုးဟာ အဲဒီအချိန်ကတည်းက ရှိနေတာ ဖြစ်ကြောင်း ပြသနေတယ်လို့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

ဝါရှင်တန် ပြည်နယ်မှာ အခုအခါ အရေးပေါ် အခြေအနေထားပေမယ့် ကျန်းမာရေး ဝန်ကြီး အဲလက်စ် အက်ဇာ ကတော့ တုန်လှုပ်ခြောက်ခြားစရာ မလိုဘူးလို့ ပြောပါတယ်။

အခုအခါ ကိုရိုနာ ဗိုင်းရပ်စ် ဖြစ်ပွားရာ တရုတ်နိုင်ငံ ပြင်ပမှာ ဒီရောဂါပိုး တွေ့ရှိရမှု ပိုများလာနေပါတယ်။

ချက် ၊ အာမေးနီးယား နဲ့ ဒိုမီနီကန် သမ္မတ နိုင်ငံတို့မှာ နောက်ဆုံး တွေ့ရှိမှု အပါအဝင် ကမ္ဘာတလွှား နိုင်ငံပေါင်း ၆၆ နိုင်ငံမှာ လူပေါင်း ၉၀၀၀၀ လောက်မှာ ဒီရောဂါပိုး ကူးစက်ပြန့်ပွားလျှက် ရှိပါတယ်။

ဂျာမနီမှာ ဆိုရင်လည်း မတ်လ၁ ရက်နေ့ တရက်တည်းတင် ဖြစ်ပွားမှု နှစ်ဆ တိုးခဲ့ပြီး ဗြိတိန်မှာ ရောဂါပိုး တွေ့ရသူ ၅၀ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။

နိုင်ငံခြား ခရီးသွား အများဆုံး လာရောက်လည်ပတ်ရာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က လု့ဗ် ပြတိုက်မှာ ဝန်ထမ်းတွေက ကူးစက်မှာ ကြောက်တဲ့ အတွက် မနေ့ တနင်္ဂနွေနေ့က ပိတ်ခဲ့ရပါတယ်။

အီတလီ နိုင်ငံ ဗင်းနစ်မြို့မှာလည်း နိုင်ငံခြား ခရီးသွား ကင်းမဲ့ကာ ခြောက်ကပ်လျက် ရှိပါတယ်။

အခုအခါ ကိုဗစ် နိုင်တင်း ရောဂါကြောင့် သေဆုံးရသူ သုံးထောင်နီးပါး ရှိပြီ ဖြစ်ပါတယ်။