ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
Covid19-WHO က ကမ္ဘာလုံးဆိုင်ရာကူးစက်ပျံ့နှံ့မှုအမြင့်ဆုံးအဆင့်သို့ တိုးမြှင့်သတိပေး
ကိုဗစ်၁၉၊ ကိုရိုနာဗိုင်းရပ်စ် လို့ လူသိများတဲ့ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ မြန်မာနိုင်ငံအတွင်း ကူးစက်ပြန့်ပွားမှုမဖြစ်စေဖို့ ဒီရောဂါကို တိုင်ကြားရမယ့် ကူးစက်မြန်ရောဂါအဖြစ် အစိုးရက ဖေဖော်ဝါရီ ၂၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒီဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုကို ကြိုတင်ကာကွယ်ဖို့နဲ့ တုံ့ပြန်ဆောင်ရွက်ခြင်းတွေကို ထိရောက်စွာဆောင်ရွက်နိုင်ဖို့ အခုလို ထုတ်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။
ကိုယ့်အနီးပတ်ဝန်းကျင်မှာ ဒါမှမဟုတ် မိသားစုဝင်တစ်ဦးဦး ရောဂါသံသယရှိတယ်ဆိုရင် အာဏာပိုင်တွေကိုအသိပေးရမှာဖြစ်ပြီး ပျက်ကွက်ရင် ထောင်ခြောက်လအထိ ကျခံရနိုင်ပါတယ်။
တစ်ချိန်တည်းမှာပဲ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ တောင်ကိုရီးယားနိုင်ငံမှာ ဒီဗိုင်းရပ်စ် ကူးစက်သူပေါင်း ၂၉၃၁ ဦးရှိနေပြီး မနေ့က တစ်ရက်တည်းမှာပဲ ကူးစက်သူအသစ် ၆၀၀ နီးပါးရှိခဲ့တယ်လို့ တောင်ကိုးရီးယားနိုင်ငံ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာနက ဆိုပါတယ်။
တောင်ကိုရီးယားမှာ ဗိုင်းရပ်စ်ကူးစက်မှုအခြေအနေဟာ ဒီဗိုင်းရပ်စ် စပြန့်တဲ့တရုတ်နိုင်ငံပြင်ပမှာ အများဆုံးဖြစ်နေပါတယ်။ သေဆုံးသူကတော့ ၁၆ ဦးထိရှိလာပါပြီ။ တောင်ကိုရီးယားရဲ့ လေးခုမြောက်အကြီးဆုံးမြို့ဖြစ်တဲ့ ဒေဂူမြို့က ဘာသာရေးအခမ်းအနားတစ်ခုကနေ စတင်ပြန့်ပွားခဲ့တာလို့ အစိုးရထုတ်ပြန်ထားပြီး အဲဒီကူးစက်ခံရတဲ့အသက်ကြီးပိုင်း အမျိုးသမီးကြီးဟာ အစောပိုင်းမှာဆေးကုသမှုခံယူမှု ငြင်းဆိုခဲ့တယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
လက်ရှိမှာတော့ ဒီဘာသာရေးဘုရားကျောင်းကို ချိတ်ပိတ်ထားလိုက်ပါပြီ။
- ကိုရိုနာဗိုင်းရပ်စ်- ကျန်းမာရေးစောင့်ရှောက်မှု ချို့တဲ့တဲ့ မြန်မာနဲ့ ကိုရိုနာဗိုင်းရပ်စ် ပြဿနာ
- ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု - မြန်မာ တုံ့ပြန်ဆောင်ရွက်မှု ဖြစ်စဉ် အချိန်ပြဇယား
- ကိုရိုနာဗိုင်းရပ်စ် အကြောင်း သိသင့်တဲ့ ၅ ချက်
- ကိုရိုနာ အရေး - သေသူ ၁၀၀၀ ကျော်ပြီးနောက် တရုတ် ထိပ်ပိုင်း အရာရှိတွေကို ဖယ်ရှား
- တရုတ် ဝူဟန်မှာ စဖြစ်တဲ့ ကိုရိုနာ ဗိုင်းရပ်စ်အသစ်က ဘယ်လောက် စိုးရိမ်စရာကောင်းလဲ
မြန်မာနိုင်ငံမှာလည်း နိုင်ငံခြားသားတွေအများဆုံး လာရောက်တရားအားထုတ်ကြတဲ့ မွန်ပြည်နယ်၊မော်လမြိုင်မြို့က ဖားအောက်တောရတရားစခန်းကလည်း မတ်လ ၃၁ ရက်အထိ ပြည်တွင်းပြည်ပ ဘယ်ယောဂီမှ လက်မခံတော့ဘူးဆိုတဲ့အကြောင်း ဖေဖော်ဝါရီ ၂၅ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
အလှူလာလုပ်မယ့်သူတွေအနေနဲ့လည်း နှာခေါင်းစည်းတွေယူလာပြီး တပ်ထားကြဖို့နဲ့ ပရိသတ်နည်းနိုင်သမျှ နည်းဖို့ လည်း သတိပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်နဲ့ အော်ရီဂွန်တို့မှာလည်း ဒီဗိုင်းရပ်စ်အသစ်ကြောင့် စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။
အော်ရီဂွန်မှာ ကိုရိုနာဗိုင်းရပ်စ် ဒုတိယမြောက် ကူးစက်ခံရသူကိုတွေ့ရှိခဲ့ပြီး ဒီလူနာဟာ ရောဂါဖြစ်ပွားတဲ့နေရာကို သွားရောက်ခဲ့ခြင်းမရှိသလို ရောဂါဖြစ်ပွားသူနဲ့ ထိတွေ့ဆက်ဆံခဲ့ခြင်းလည်းမရှိတဲ့အတွက် အခုလို စိုးရိမ်ပူပန်မှုတွေ ရှိနေတာဖြစ်ပါတယ်။
လူနာကို ဘယ်သူဘယ်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြောကြားတာမရှိပေမယ့် ဒီလူနာဟာ နာတာရှည်ရောဂါသည်အမျိုးသမီးတစ်ဦးဖြစ်တယ်လို့တော့ ပြောကြားထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ သောကြာနေ့မှာနောက်ဆုံးထုတ်ပြန်ထားတဲ့ကိန်းဂဏန်းတွေအရ အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုပေါင်း ၅၉ ခု ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
အမေရိကန်ကျန်းမာရေးဌာနက အမည်မဖော်လိုသူတစ်ဦးကတော့ အစိုးရဟာ ကနဦးတုန်းက သီးသန့်စောင့်ကြည့်ရမယ့်လူနာတွေကို ပြုစုရတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ဒီဗိုင်းရပ်စ်မကူးစက်အောင် လုံခြုံစိတ်ချရတဲ့ကာကွယ်ရေးပစ္စည်းတွေ စီစဉ်ပေးခဲ့တာမျိုးမရှိသလို လုံခြုံရေးဇုန်ထဲကနေ လွတ်လွပ်လပ်လပ် သွားလာထွက်ခွာခွင့်တွေပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဒီစွပ်စွဲချက်တွေကို အမေရိကန်ကျန်းမာရေးဌာနအကြီးအကဲက ငြင်းဆိုထားပါတယ်။
အခုနောက်ဆုံးအခြေအနေမှာတော့ WHOက ဒီဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုနှုန်းကို ကမ္ဘာလုံးဆိုင်ရာကူးစက်ပျံ့နှံ့မှုနှုန်းအမြင့်ဆုံးအထိ တိုးမြှင့်သတ်မှတ်လိုက်ပါပြီ။
ကမ္ဘာပေါ်က အစိုးရတွေ၊ အဖွဲ့အစည်းတွေအားလုံးဟာ ဒီဗိုင်းရပ်စ် ကူးစကမှုနှုန်းနှေးကွေးသွားဖို့၊ ဗိုင်းရပ်စ်ကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်ဖို့ နည်းလမ်းတွေနဲ့ ချဉ်းကပ်ဆောင်ရွက်ကြဖို့နဲ့ ကမ္ဘာတစ်ဝန်းက ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေကို ဖိအားပေးဖို့ WHO က တိုက်တွန်းပါတယ်။
ဒါပေမဲ့ WHO ရဲ့အကြီးအကဲ ဒေါက်တာ တီထရို့အထ်ဟာနမ်ကတော့ ဒီဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုထက် ကြောက်လန့်မှုနဲ့ သတင်းမှားတွေကို ကျော်လွှားဖို့က အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေတယ်လို့ ပြောကြားထားပါတယ်။
လက်ရှိမှာတော့ ဒီဗိုင်းရပ်စ်က ကမ္ဘာ့နိုင်ငံပေါင်း ၅၀ ကျော်မှာ ကူးစက်ပျံ့နှံနေပါတယ်။
ကူးစက်မှုပေါင်း ၈၃,၆၅၀ မှာ ရှစ်သောင်းနီးပါး(၇၈,၉၆၁) က တရုတ်နိုင်ငံကဖြစ်ပြီး သေဆုံးသူက သုံးထောင်နီးပါး(၂,၇၉၁) ဦးဖြစ်ပါတယ်။
ဘယ်လာရုစ်၊ လစ်သူရေးနီးယား၊ နယ်သာလန်၊ နယူးဇီလန်နဲ့ နိုင်ဂျီးရီးယား နိုင်ငံတို့မှာလည်း ဒီဗိုင်းရပ်စ်ကူးစက်မှု စတွေ့လာရပါပြီ။
အီရန်မှာတော့ ဒီဗိုင်းရပ်စ်ကြောင့် လူ ၂၁၀ ဦးသေဆုံးတယ်လို့ ဖေဖော်ဝါရီ ၂၇ ရက်က အီရန်ကျန်းမာရေးဌာနသတင်းရင်းမြစ်တစ်ဦးက ဘီဘီစီပါရှန်းသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဒီအရေအတွက်ဟာ အစိုးရက တရားဝင်ထုတ်ပြန်ထားတဲ့စာရင်းထက် ခြောက်ဆကျော်အရေအတွက်ဖြစ်ဖြစ်ပြီး အီရန်နိုင်ငံရဲ့ ဒုတိယသမ္မတ Masoumeh Ebtekar လည်း ဒီဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။