ကိုရိုနာ အရေး - သေသူ ၁၀၀၀ ကျော်ပြီးနောက် တရုတ် ထိပ်ပိုင်း အရာရှိတွေကို ဖယ်ရှား

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးသူ လူ ၁၀၀၀ ကျော်သွားပြီးနောက် အစိုးရ အရာရှိ ရာချီပြီး ရာထူးက ဖယ်ရှားလိုက်ပါတယ်။

အဲဒီလို ဖယ်ရှားခံရသူတွေထဲမှာ ဗိုင်းရပ်စ် အဓိက ပြန့်ပွားနေတဲ့ ဟူဘေးပြည်နယ်က ကျန်းမာရေး ကော်မရှင် အတွင်းရေးမှူးနဲ့ ကော်မရှင် ခေါင်းဆောင်တို့လည်း ပါပါတယ်။

အခုချိန်ထိ ရာထူးလျှော့ချ ခံရသူတွေထဲမှာ သူတို့ နှစ်ယောက်က ရာထူးအမြင့်ဆုံးသူတွေ ဖြစ်ပါတယ်။

ဒေသခံ ကြက်ခြေနီ အဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူးကိုလည်း လှူဒါန်းမှုတွေအပေါ် စီမံခန့်ခွဲရာမှာ တာဝန်လစ်ဟင်းမှုနဲ့ ရာထူးက ဖယ်ရှားလိုက်ပါတယ်။

ဟူဘေး ပြည်နယ် ပါတီ အရာရှိ နှစ်ယောက်နေရာကို ဗဟို အစိုးရအဆင့် အရာရှိ တစ်ယောက်နဲ့ အစားထိုးမှာ ဖြစ်ပါတယ်။ သူတို့နေရာကို တရုတ် နိုင်ငံ ဗဟိုအဆင့် ကျန်းမာရေး ကော်မရှင်က ညွှန်ကြားရေးမှူး ရောက်လာမှာ ဖြစ်ပါတယ်။

တနင်္လာနေ့မှာ ဟူဘေးပြည်နယ် တစ်ခုတည်းမှာ သေဆုံးသူ ၁၀၃ ယောက် ရှိခဲ့ပြီး အဲဒါက ဒီဗိုင်းရပ်စ် စကူးစက်ခဲ့ကတည်းက တစ်နေ့တာအတွင်း သေဆုံးသူ အမြင့်ဆုံး စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်တစ်နိုင်ငံလုံး စုစုပေါင်း သေဆုံးသူက ၁၀၁၆ ယောက် ရှိလာပါပြီ။

ဒါပေမဲ့ တစ်နိုင်ငံလုံးအနေနဲ့ ကူးစက်မှု အသစ် တွေ့တာကတော့ အရင်နေ့ကထက်၂၀ ရာခိုင်နှုန်း နီးပါးကျသွားပါပြီ၊ ၃၀၆၂ ကနေ ၂၄၇၈ ယောက်ကို ကျသွားတာပါ။

တနင်္လာနေ့မှာ ဟူဘေးပြည်နယ်မှာ ကူးစက်မှု အသစ်တွေ့တာ ၂၀၉၇ ခု ရှိတယ်လို့ ပြည်နယ် ကျန်းမာရေးကော်မရှင်က ပြောပါတယ်။ အဲဒါမတိုင် အရင်တစ်ရက်မှာ ကူးစက်မှု အသစ်က ၂၆၁၈ ခုထိ ရှိခဲ့ပါတယ်။

ဒီလ အစပိုင်းမှာလည်း ဝူဟန်မြို့ စာရင်းအင်းဌာနက ဒုတိယ အကြီးအကဲကို ရာထူးက ဖယ်ရှားပြီးပါပြီ။ သူ့ကိုတော့ နှာခေါင်းစည်းတွေ ဖြန့်ဖြူးတဲ့လုပ်ငန်းတွေမှာ သတ်မှတ်စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်တယ် ဆိုပြီး ဖယ်ရှားခဲ့တာပါ။

အခုရက်ပိုင်းတွေမှာ ကိုရိုနာ ဗိုင်းရပ်စ် ကပ်ဘေး ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး တရုတ်အာဏာပိုင်တွေကို ဝေဖန်မှုတွေ တိုးလာနေပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုအကြောင်း စောစောစီးစီး သတိပေးခဲ့တဲ့ ဒေါက်တာ လီကို အာဏာပိုင်တွေက ဖိနှိပ်ခဲ့တာနဲ့ ပတ်သက်ပြီး လူတွေက အတော်လေး ဒေါသထွက်နေကြတာ ဖြစ်ပါတယ်။

ဗိုင်းရပ်စ် ကူးစက်ခံရပြီး သေဆုံးခဲ့တဲ့ ဒေါက်တာလီကို ရဲတွေက ဆက်ဆံခဲ့ပုံတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ဌာနက အမြင့်ဆုံး အဖွဲ့တစ်ခုကို ဗဟိုအစိုးရက စေလွှတ်လိုက်ပါပြီ။

တရုတ်ရဲ့ နောက်ဆုံး အခြေအနေ

တရုတ် တစ်နိုင်ငံလုံးမှာ ကူးစက်မှု အားလုံး ၄၂,၂၀၀ အထိ ရှိနေပါပြီ။

သေဆုံးသူကလည်း ၂၀၀၃ ခုနှစ် ဆားစ် ကူးစက်မှုက သေဆုံးသူ အရေအတွက်ကို ကျော်သွားပါပြီ။

သေဆုံးသူတွေရဲ့ လေးပုံသုံးပုံမကက ဗိုင်းရပ်စ် ကူးစက်မှု ဗဟိုချက်ဖြစ်တဲ့ ဟူပေးပြည်နယ် မြို့တော် ဝူဟန်က ဖြစ်ပါတယ်။ လူ ၁၁ သန်းရှိတဲ့ မြို့ကိုလည်း အစိုးရ အဝင်အထွက် ဖြတ်တောက် ပိတ်ဆို့ထားပါတယ်။

ဒါ့အပြင် ဝူဟန်ကို ကျန်းမာရေးဝန်ထမ်းတွေ အများကြီး အစိုးရက ထပ်ပို့ထားပါတယ်။ တရုတ်အစိုးရ မီဒီယာ အေဂျင်စီ တစ်ခုဖြစ်တဲ့ ဆင်ဟွာမှာတော့ တနင်္လာနေ့က အဲဒီကို သွားမယ့် ဆရာဝန်နဲ့ သူနာပြုတွေ ကတုံးတွေတုံးပစ်ပြီး အကာအကွယ်ဝတ်စုံတွေ ဝတ်ဖို့ ပြင်နေကြတဲ့ပုံတွေ တွစ်တာမှာ တင်နေပါတယ်။

ဝူဟန်တက္ကသိုလ် ရန်မင်းဆေးရုံက အသက် ၃၀ အရွယ် သူနာပြု တစ်ယောက်ကတော့ သူ့ရဲ့ ဆံပင်အရှည်ကြီးကို ဖြတ်ပြီး ကတုံး တုံးပစ်ခဲ့တာပါ။ သူက အဲဒီလို ကတုံးပစ်လိုက်တာဟာ ရောဂါပိုးကူးစက်တာကို ကာကွယ်ဖို့နဲ့ ကျန်းမာရေး အကာအကွယ် ဝတ်စုံ ဝတ်တာနဲ့ ချွတ်တဲ့အခါမှာလည်း အချိန်ကုန်သက်သာစေဖို့ ဖြစ်တယ်လို့ ပြောတဲ့အကြောင်း တရုတ်အစိုးရ မီဒီယာတစ်ခုမှာ ဖော်ပြထားပါတယ်။

ဟောင်ကောင်မှာတော့ ဗိုင်းရပ်စ်ကူးစက်မှုတွေ့တဲ့ အိမ်ရာတစ်ခုက အိမ်ထောင်စု ၂၃ စုကို တနင်္လာနေ့ ညမှာ သူတို့အိမ်နေကနေ ဖယ်ရှားပြီး သီးသန့်ခွဲထားလိုက်ပါတယ်။

တခြားနိုင်ငံတွေမှာ ကူးစက်မှုနဲ့တုံ့ပြန်မှု

ဂျပန် - အစိုးရက အထူးလေယာဉ်နဲ့ သွားခေါ်ယူခဲ့တဲ့ ဂျပန်နိုင်ငံသားတွေထဲက အစပိုင်းမှာ ပိုးမတွေ့ဘူးလို့ အဖြေထွက်ခဲ့သူထဲက အမျိုးသား နှစ်ယောက်မှာ အခု ပိုးရှိကြောင်းစစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သူတို့ဟာ အစပိုင်း စစ်ဆေးစဉ်က ကူးစက်မှု မတွေ့ခဲ့ပေမယ့် နောက်ပိုင်း ရောဂါ လက္ခဏာတွေ ပြလာတာ ဖြစ်ပါတယ်။

ယိုကိုဟားမား ဆိပ်ကမ်းမှာ ရပ်နား သီးသန့်ခွဲထားခံရတဲ့ Diamond Princess ခရီးသည်တင်သင်္ဘောကို ဆက်ပြီး သီးသန့်ခွဲထားရပ်နားခိုင်းပါတယ်။ ခရီးသည်နဲ့ ဝန်ထမ်း ၃၇၀၀ ပါတဲ့ သင်္ဘောကနေ လူ ၁၃၅ ယောက်မှာ ကူးစက်မှု တွေ့ထားပါတယ်။

ထိုင်း - ခရီးသည်တင် သင်္ဘော နောက်ထပ် တစ်စင်းက ခရီးသည်တွေကို ထိုင်းက ဝင်ခွင့်မပေးခဲ့ပါဘူး။ သူတို့တွေမှာ ပိုးရှိတယ်လို့ မတွေ့ပေမဲ့ ဆင်းခွင့်မပေးတာပါ။

မြောက်ကိုရီးယား - တရုတ်နဲ့ မြောက်ကိုရီးယားနယ်စပ်ကို ကင်းလှည့်စစ်ဆေးဖို့ ရာချီတဲ့အင်အားကို လွှတ်ထားပါတယ်။ တရုတ်နဲ့ ကား၊ရထားနဲ့ လေကြောင်း အဆက်အသွယ်အားလုံးလည်း ဖြတ်ထားပြီး ဖြစ်ပါတယ်။

အခုထိတော့ ကူးစက်မှု တွေ့တယ်လို့ မကြေညာသေးပေမဲ့ ကူးစက်မှုတွေ ရှိနေပြီလို့ တောင်ကိုရီးယား မီဒီယာတွေက ပြောပါတယ်။