ကိုရိုနာဗိုင်းရပ်စ် - တောရိုင်းတိရစ္ဆာန်တွေ ဘေးကင်းတော့မလား

    • ရေးသားသူ, နာဗင် ဆင်းခတ်ကာ
    • ရာထူးတာဝန်, ဘီဘီစီ သဘာဝပတ်ဝန်းကျင်ရေးရာ သတင်းထောက် နာဗင် ဆင်းခတ်ကာ

ကိုရိုနာဗိုင်းရပ်စ် စပြန့်ခဲ့တဲ့နေရာဟာ တရုတ်နိုင်ငံ ဝူဟန်မြို့က ပင်လယ်ရေထွက်ကုန်ဈေးက ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက သံသယရှိကြပါတယ်။

အဲဒီဈေးဟာ မြွေတွေနဲ့ ဖြူကောင်လို တောရိုင်းတိရစ္ဆာန်တွေ တရားမဝင် ရောင်းတဲ့နေရာလို့ သိထားကြပါတယ်။

ဒါတွေကို လှောင်အိမ်တွေထဲ ထည့်ထားပြီး စားဖို့နဲ့ ဆေးဖော်ဖို့အတွက် ရောင်းတာပါ။ အဲဒီလိုရောင်းနေတာက အခု ဗိုင်းရပ်စ်ပိုး ကူးစက်မှုကြောင့် ဟူပေး ပြည်နယ် တစ်ခုလုံးကို သီးသန့်ခွဲထား ပိတ်ဆို့မှု မလုပ်ခင်က အထိ ဖြစ်ပါတယ်။

တရုတ်ဟာ ကမ္ဘာမှာ တရားဝင်ရော၊ တရားမဝင်ပါ တောရိုင်းတိရစ္ဆာန်ထွက်ကုန်တွေ အများဆုံး ဝယ်လက်ရှိတဲ့နေရာပါ။

တိုင်းရင်းဆေးနဲ့ ဒေသဟင်းလျာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တာဝန်ရှိသူတွေက အခု ဗိုင်းရပ်စ် စပြန့်တာက လင်းနို့တွေဆီက အများဆုံး ဖြစ်နိုင်ခြေရှိတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ဗိုင်းရပ်စ်ပိုးက လူတွေကို မကူးခင် တခြား တိရစ္ဆာန်ကို ကူးခဲ့တာလည်း ဖြစ်နိုင်တယ်လို့ သူတို့က ယူဆနေပါတယ်။

တရုတ်က နေရာအတော်များများက စားသောက်ဆိုင်တွေမှာ လင်းနို့ စွပ်ပြုတ်နဲ့ ကျားနဲ့ ကတိုးကောင်တို့ရဲ့ ကိုယ်အစိတ်အပိုင်းတွေနဲ့ ချက်ထားတဲ့ ဟင်းတွေ ရောင်းပါတယ်။

မြွေသားကြော်၊ ဝက်ဝံခြေထောက်နှပ်၊ ကျားရိုးဝိုင် စတာတွေကို စားသောက်ဆိုင်ကြီးတွေရဲ့ ဟင်းလျာနာမည်စာရင်းမှာ တွေ့နိုင်ပါတယ်။

မြို့စွန်၊ရွာစွန်က တောရိုင်းကောင် ဈေးတွေမှာတော့ ကြွက်၊ကြောင်၊မြွေနဲ့ မျိုးတုံးတော့မယ့် ငှက်တချို့နဲ့ တခြား သားကောင်မျိုးစုံကို ရနိုင်ပါတယ်။

တောကောင်မျိုးတုံးမယ့် အန္တရာယ်

သင်းခွေချပ် အကြေးခွံကို ဆေးဖော်ဖို့ ဝယ်တဲ့အတွက် တရုတ်မှာ သင်းခွေချပ် မရှိသလောက် ဖြစ်ရာကနေ တခြားနိုင်ငံတွေမှာပါ သင်းခွေချပ် မျိုးတုံးမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါပြီ။

ကြံ့ချိုကိုလည်း တရုတ်ရိုးရာ တိုင်းရင်းဆေးအတွက် အလွန်အကျွံသုံးလို့ ကြံ့မျိုးတုံးမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတာကလည်း နောက်ထပ် ဥပမာ တစ်ခုပါ။

အဲဒီလို တောကောင်တွေ အန္တရာယ်ရင်ဆိုင်ချိန်နေရချိန်မှာ လူတွေရောဂါကူးစက်မှု ၇၀ ရာခိုင်နှုန်းထက် မကတဲ့နှုန်းက တိရစ္ဆာန်တွေဆီက ဖြစ်လာတာပါ။ အထူးသဖြင့် တောရိုင်းကောင်တွေဆီကပါ။

အခု ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားပြီးနောက်မှာတော့ တရုတ်ရဲ့ တောရိုင်းတိရစ္ဆာန်အရောင်းအဝယ်က လူတွေ သတိထားမိစရာ ဖြစ်လာပါတယ်။ အမှန်ကတော့ ဒီလို ကူးစက်တာတွေ မဖြစ်ခင်ကတည်းက တောရိုင်းကောင် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့တွေက ဒီအရောင်းအဝယ်တွေကို ဝေဖန်ကန့်ကွက်နေတာပါ။

အခု တရုတ်အစိုးရက ယာယီပိတ်လိုက်ပေမဲ့ ဒီအခြေအနေကို ပြပြီး အမြဲတမ်း တားမြစ်လိုက်ဖို့ ဒီအဖွဲ့တွေက တောင်းဆိုနေကြပါတယ်။

တရုတ်ကရော နားထောင်မှာလား

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကနေ ကမ္ဘာ့တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်ရေး အဆုံးသတ်သွားဖို့နဲ့ လူတွေကျန်းမာရေးကိုပါ ကာကွယ်ပြီးသား ဖြစ်သွားမယ့် အခြေအနေ ဖြစ်လာနိုင်သလား။

ဒီလို ဖြစ်ဖို့ စိန်ခေါ်မှုတွေ အများကြီး ရှိပေမဲ့ လုံးဝ မဖြစ်နိုင်တာမျိုးလည်း မဟုတ်ဘူးလို့ ပညာရှင်တွေက ပြောပါတယ်။

အရင်က ဖြစ်ခဲ့တဲ့ ဆားစ်နဲ့ မားစ် အသက်ရှုလမ်းကြောင်းကူးစက်ရောဂါတွေကလည်း လင်းနို့ကနေ စပြီး ကြောင်ကတိုးနဲ့ ကုလားအုတ်တို့ကနေတစ်ဆင့် လူတွေဆီ ကူးစက်ခဲ့တာလို့ WHO က ပြောထားပါတယ်။

သွေးနွေးသတ္တဝါတွေ၊ ငှက်တွေ၊ တွားသွားကောင်တွေနဲ့ ကုန်းရေနှစ်မျိုးနေ သတ္တဝါ အမျိုးပေါင်း ၅၅၀၀ မကကို ကမ္ဘာ့ ဈေးကွက်မှာ တရားဝင်ရော တရားမဝင်ပါ ရောင်းဝယ်နေကြတယ်လို့ လတ်တလော သုံးသပ် အစီရင်ခံစာ တစ်ခုက ဆိုပါတယ်။

တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်ရေးဈေးကွက်က အမေရိကန် ဒေါ်လာ ဘီလျံ ၂၀ လောက်ရှိနေတယ်လို့ ခန့်မှန်းရပါတယ်။

အဲဒါက တရားမဝင် လုပ်ကိုင်ကြတဲ့ မူးယစ်ဆေး၊ လူကုန်ကူးတာနဲ့ ကုန်ပစ္စည်း အတု ဈေးကွက်တွေ ပြီးရင် လေးခုမြောက် အကြီးဆုံး ဈေးကွက်ကြီး ဖြစ်နေပါတယ်။

အချက်ပေးသံလား

အခု ကျန်းမာရေး ဘေးအန္တရာယ်ကြီးက တောကောင်တွေကို မဆင်မခြင် သတ်ဖြတ်၊စားသောက်၊ သုံစွဲနေကြတာတွေအတွက် သတိပေးလိုက်တာပဲလို့ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့WWF က ပြောပါတယ်။

ဒါပေမဲ့ တရုတ် အစိုးရကတော့ အခုပိတ်ထားက ယာယီပဲလို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။

၂၀၀၂ ဆားစ်ရောဂါ ကူးစက်တုန်းကလည်း အခုလို ယာယီပိတ်ပင်တာမျိုး လုပ်ခဲ့ဖူးပါတယ်။

နောက်ပိုင်း လတွေအကြာမှာတော့ တရုတ်မှာ အစိုးရကလည်း လျော့လျော့ရဲရဲ ပြန်ဖြစ်သွားပြီး ဈေးကွက်ကလည်း ပြန်ဖြစ်လာတာပဲလို့ တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်တဲ့ အဖွဲ့တွေက ပြောပါတယ်။

စည်းမျဉ်းတွေတင်းကြပ်မလား

ဒီနှစ် စက်တင်ဘာလမှာ တရုတ်နိုင်ငံ မြို့တော် ဘေကျင်းမှာ သဘာဝနဲ့ ဇီဝ အရင်းအမြစ် ကမ္ဘာလုံးဆိုင်ရာ အစည်းအဝေး လက်ခံ ကျင်းပမှာ ဖြစ်ပါတယ်။

ကြက်ငှက်တုပ်ကွေးလို ရောဂါကူးစက်ပြန့်ပွားမှုကနေ တောရိုင်းငှက်တွေ ကာကွယ်ထိန်းသိမ်းမှုကို အထောက်အကူ ဖြစ်ခဲ့တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာက ဆင်တွေ မျိုးတုံးပျောက်ကွယ်မှုကို ကာကွယ်ဖို့ ဖိအားပေးခဲ့ပြီးနောက် ဆင်စွယ်တင်သွင်းမှုကို တရုတ်က တားမြစ်လိုက်တာရဲ့ အောင်မြင်မှုကိုလည်း သူတို့က ထောက်ပြ ပြောကြပါတယ်။

ဒါပေမဲ့ အဲဒီလို တားမြစ်ထိန်းချုပ်တာတွေက နိုင်ငံတွေအားလုံးလုပ်ကြရမှာ ဖြစ်ပြီး တရုတ် တစ်နိုင်ငံတည်း လုပ်ဖို့မဟုတ်ဘူးလို့လည်း ပြောပါတယ်။

ဒါပေမဲ့ တောရိုင်းတိရစ္ဆာန် အကြီးဆုံး ဈေးကွက်ကြီး ဖြစ်နေတဲ့ တရုတ်လို နိုင်ငံကြီးကနေ ဦးဆောင်ပြီးစလုပ်ရင် ဖြစ်နိုင်တယ်လို့ တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးသမားတွေက ပြောပါတယ်။