ဒေလီရောက် မြန်မာ ကျောင်းသားနှစ်ယောက် နောက်ထပ် ၁၄ ရက် စောင့်ကြည့်ခံရမယ်

ဝူဟန်မှာ ကျန်ခဲ့တဲ့ မြန်မာကျောင်းသား နှစ်ယောက်ဟာ အိန္ဒိယနိုင်ငံက ဝူဟန်ကို ဆေးလာပို့တဲ့ လေယာဉ်နဲ့ လိုက်ပါခွင့် ရခဲ့ပါပြီ။

ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာရှိနေတဲ့ မြန်မာနိုင်ငံသား ကျောင်းသား၊ ကျောင်းသူ နှစ်ဦးကို ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ အိန္ဒိယလေတပ် လေယာဉ် Globemaster နဲ့ အိန္ဒိယနိုင်ငံကို ဘေးကင်းလုံခြုံမှုရှိစွာ ခေါ်ဆောင်ထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်ထား ပါတယ်။

ကျောင်းသား နှစ်ဦးအတွက် လိုအပ်တဲ့ အကူအညီအားလုံးကို အိန္ဒိယ အစိုးရ တာဝန်ရှိသူတွေက စီစဉ် ဆောင်ရွက်ပေးနေတယ်လို့လည်း ဖော်ပြထားပါတယ်။

သူတို့ဟာ အိန္ဒိယနိုင်ငံ ရဲ့ စည်းမျဉ်းစည်းကမ်းအရ သူတို့ ရောက်ရှိရာ နယူးဒေလီမြို့မှာ ၁၄ ရက်ကြာ သီးသန့်ခွဲထား စောင့်ကြည့်ခံရမှာ ဖြစ်ပါတယ်။

လက်ရှိမှာ သူတို့နှစ်ယောက်ရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက် ရှိတယ်လို့ တရုတ် နိုင်ငံ ဆိုင်ရာ မြန်မာသံရုံး ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

ဝူဟန် ပြည်နယ်မှာ ရှိတဲ့ တခြား မြန်မာ ကျောင်းသားတွေကို သွားခေါ်စဉ် ဒီကျောင်းသား နှစ်ယောက်မှာ ကိုယ်အပူချိန် အနည်းငယ် မြင့်နေတဲ့ အတွက် ချန်ထားခဲ့တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အဲဒီနောက် သူတို့ကို အဆောင်မှာ ကျန်းမာရေး စောင့်ကြပ် ကြည့်ရှုထားခဲ့ရာ ၁၄ ရက် ပြည့်သွားခဲ့ပြီး အဲဒီ အတောအတွင်းမှာလည်း ကျန်းမာရေး ကောင်းကြောင်း ၊ ကိုယ်အပူချိန် ကလည်း သာမန် အနေအထားမှာ ရှိကြောင်း သူက ရှင်းပြပါတယ်။

ဒီကျောင်းသား နှစ်ယောက်ဟာ မြန်မာနိုင်ငံကို တခြား ပြည်နယ်တွေကနေ လှည့်ပြန်ဖို့ ကြိုးစားနေစဉ်မှာ ဘေဂျင်းမှာ ရှိတဲ့ အိန္ဒိယ သံရုံးက ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပြီး အဲဒီ ကြေညာချက်မှာ ဆေးဝါး ပို့ဆောင်ပေးဖို့ အိန္ဒိယ လေယာဉ် တစင်း လာရောက်ဖို့ ရှိတယ် ၊ ပြီးရင် နယူးဒေလီကို ပြန်မှာ ဖြစ်တယ် ၊ လိုက်ပါလိုနဲ့ အိမ်နီးချင်း နိုင်ငံတွေက ကျောင်းသားတွေ ဆက်သွယ်ပါလို့ ဖော်ပြ ထားတယ်လို့ သူက ပြောပါတယ်။

အဲဒီအခါ ဝူဟန်ရောက် အိန္ဒိယ ကျောင်းသားတွေက တဆင့် မြန်မာ ကျောင်းသားတွေလည်း သိရှိသွားခဲ့ပြီး သူတို့လည်း လိုက်ချင်တဲ့ အတွက် ကူညီပေးဖို့ မြန်မာ သံရုံးကို ဆက်သွယ် အကြောင်းကြား လာတယ်လို့ မြန်မာသံ အရာရှိက ပြောပါတယ်။

သူတို့ အနေနဲ့ မြန်မာ နိုင်ငံခြားရေး ရုံးကို အကြောင်းကြားပြီး အဲဒီကတဆင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာန ကနေ အိန္ဒိယ သံရုံးကို ဆက်သွယ် အကူအညီ တောင်းခံခဲ့ရတယ်လို့ သူက ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်မှာတော့ အိန္ဒိယ ၊ နီပေါ စတဲ့ နိုင်ငံတွေက ကျောင်းသားတွေနဲ့ အတူ မြန်မာ ကျောင်းသား နှစ်ယောက်လည်း ဒေလီကို ပြန်မယ့် အိန္ဒိယလေယာဉ်နဲ့ လိုက်ပါသွားတယ်လို့ သူက ပြောပါတယ်။

အခု အိန္ဒိယမှာ ရှိတဲ့ မြန်မာ သံရုံးကို အကြောင်းကြားထားပြီး ဒီကျောင်းသား နှစ်ယောက်ဟာ သူတို့ စည်းမျဉ်းအရ နောက်ထပ် ၁၄ရက် သီးသန့်ခွဲထား စောင့်ကြည့်ခံရမှာ ဖြစ်တယ် ၊ သူတို့ လိုအပ်ချက် တွေကို မြန်မာ သံရုံးက ကူညီ ဖြည့်ဆည်းသွားမှာ ဖြစ်တယ် အိမ်ပြန်ဖို့ ကိစ္စတွေကိုလည်း မြန်မာ သံရုံးကဘဲ စီစဉ်ပေးလိမ့်မယ်လို့ တရုတ်နိုင်ငံ ဆိုင်ရာ မြန်မာ သံရုံးက ပြောခွင့်ရသူက ဆိုပါတယ်။

အိန္ဒိယ နိုင်ငံမှာ ၁၄ ရက် စောင့်ကြည့်မှု ပြီးသွားရင် မြန်မာ ပြန်လာတဲ့ အခါ မြန်မာနိုင်ငံက ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားမှုအောက်မှာ ဆက်လက် နေထိုင် လုပ်ဆောင်သွားကြရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

လက်ရှိ ဝူဟန်မှာ မြန်မာ ၇ ယောက် ၈ ယောက်လောက် ရှိသေးပြီး သူတို့ကတော့ ကျောင်းသားတွေ မဟုတ်ဘဲ အဲဒီက လူတွေနဲ့ အိမ်ထောင်ကျသူ၊ အလုပ်လုပ် နေထိုင် နေသူတွေ ဖြစ်ကြောင်း ၊ အဲဒီ လူတွေကို ဆက်သွယ်ပြီး နေရပ်ပြန်ချင်သလား မေးမြန်း ခဲ့ပေမယ့် မလိုက်သေးဘူးလို့ အကြောင်းပြန်ခဲ့ကြကြောင်း ၊ မြန်မာ သံအရာရှိက ပြောပါတယ်။

တရုတ် နိုင်ငံမှာ ဘေဂျင်း အပါအဝင် တခြား နေရာတွေမှာလည်း ရောဂါ ကူးစက်မှု ကျဆင်းလာတယ်လို့ အစိုးရက ထုတ်ပြန်ထားတယ်လို့ သူက ဆိုပါတယ်။

အခု ဝူဟန် ကနေ ဒေလီကို လိုက်ပါသွားခွင့်ရတဲ့ မြန်မာ ကျောင်းသား နှစ်ယောက်ဟာ တရုတ်အလယ်ပိုင်း နော်မန်တက္ကသိုလ်မှာ ပညာသင်ကြားနေကြသူတွေ ဖြစ်ပါတယ်။