ကိုရိုနာဗိုင်းရပ်စ် - လူမျိုးရေးခွဲခြားတယ်လို့ ယူဆတဲ့ ဆောင်းပါးကြောင့် ဝေါလ်စထရိဂျာနယ် သတင်းထောက်တွေကို တရုတ်နိုင်ငံကနေ နှင်ထုတ်

ကိုရိုနာဗိုင်းရပ်စ်၊ ဝေါလ်စထရိ၊ တရုတ်၊ သတင်းလွတ်လပ်ခွင့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဝေါလ်စထရိဂျာနယ် သတင်းသမား ၃ ဦးကို တရုတ်နိုင်ငံကနေ ၅ ရက်အတွင်း ထွက်ခွာဖို့ အမိန့်ပေးထား

တရုတ်နိုင်ငံမှာ လူမျိုးရေး ခွဲခြားတယ်ဆိုတဲ့ အာဘော်ဆောင်းပါးတစ်ပုဒ်နဲ့ ပတ်သက်လို့ ဝေါလ်စထရိဂျာနယ် သတင်းစာက နိုင်ငံခြားသား သတင်းထောက် ၃ ဦးကို နိုင်ငံထဲကနေ ထွက်ခွာဖို့ တရုတ်အစိုးရက အမိန့်ပေးလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၃ ရက်နေ့က ထုတ်ဝေတဲ့ ဆောင်းပါးထဲမှာ လူအများအပြား သေဆုံးခဲ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ဖြစ်ပွားနေမှုအပေါ် တရုတ်အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းပုံနဲ့ ပတ်သက်လို့ ဝေဖန်ရေးသားထားတာပါ။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဝန်ချတောင်းပန်ဖို့ ဝေါလ်စထရိဂျာနယ် သတင်းစာကို တရုတ်အစိုးရက အကြိမ်ကြိမ် ပြောခဲ့ပေမဲ့ လက်မခံခဲ့ဘူးလို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဝေါလ်စထရိဂျာနယ် သတင်းစာကတော့ ဒီဆောင်းပါးကို အဲဒီ သတင်းထောက်တွေ ရေးခဲ့တာ မဟုတ်ကြောင်းနဲ့ သူတို့ကို ၅ ရက်အတွင်း နိုင်ငံထဲကနေ ထွက်ခွာဖို့ တရုတ်အစိုးရက အမိန့်ပေးထားကြောင်း ပြောပါတယ်။

အဲဒီဆောင်းပါးထဲမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုအပေါ် တရုတ်အာဏာပိုင်တွေရဲ့ ကနဦး တုံ့ပြန်ဆောင်ရွက်မှုတွေဟာ လျှို့ဝှက်ပြီး ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ခဲ့တယ်လို့ ရေးသားထားပြီး တရုတ်နိုင်ငံအပေါ် ကမ္ဘာတဝန်းရဲ့ ယုံကြည်မှုက ပြောင်းလဲသွားခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကန်း ရွှမ် က ဒီဆောင်းပါးဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို တိုက်ဖျက်ဖို့ တရုတ်အစိုးရရဲ့ ကြိုးပမ်းမှုတွေကို သေးသိမ်သွားအောင် မမျှမတ ဖော်ပြထားတဲ့ လူမျိုးရေးခွဲခြားတဲ့ ဆောင်းပါး ဖြစ်တယ်လို့ ပြောပါတယ်။

လူမျိုးရေးခွဲခြားတဲ့ စာတွေ ထုတ်ဝေတဲ့၊ တရုတ်အစိုးရကို ဒုက္ခရောက်အောင် တိုက်ခိုက်လိုတဲ့ သတင်းမီဒီယာကို တရုတ်လူမျိုးတွေက လက်ခံမှာ မဟုတ်ဘူးလို့ မစ္စတာ ကန်းက ပြောပါတယ်။ နိုင်ငံထဲက နှင်ထုတ်တဲ့ သတင်းသမားတွေရဲ့ အမည်ကိုတော့ ထုတ်ဖော် ပြောမသွားခဲ့ပါဘူး။

ဝေါစထရိဂျာနယ် သတင်းစာက အဲဒီ သတင်းထောက်တွေဟာ အမေရိကန် နိုင်ငံသား နှစ်ဦးဖြစ်တဲ့ ဌာနေ လက်ထောက်အကြီးအကဲ ဂျော့ရှ်ချင် နဲ့ ချောင်ဒန်၊ သြစတြေးလျနိုင်ငံသား ဖိလစ်ဝန် တို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဝေါစထရိဂျာနယ် သတင်းစာဘက်က ဘာမှ တုံ့ပြန် ဝေဖန်တာမျိုး မရှိသေးပါဘူး။

ဒါဟာ တရုတ်နိုင်ငံထဲမှာ တရားဝင် အထောက်အထား စာရွက်စာတမ်းတွေနဲ့ နေထိုင်နေတဲ့ သတင်းထောက်တွေ နိုင်ငံထဲကနေ နှင်ထုတ်ခံရတာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဘေဂျင်းမြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် ဂျွန် ဆပ်ဒ်ဝါ့သ် က ပြောပါတယ်။

တရုတ်အစိုးရရဲ့ ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံခြား သတင်းအဖွဲ့အစည်းတွေကို ခြိမ်းခြောက်ဖို့ တရုတ်အာဏာပိုင်တွေရဲ့ ဗြောင်ကျကျ ကြိုးပမ်းမှုတစ်ခု ဖြစ်တယ်လို့ တရုတ်နိုင်ငံမှာ ရှိတဲ့ နိုင်ငံခြားသတင်းထောက်များ ကလပ်အဖွဲ့က ပြောပါတယ်။

အမေရိကန်နိုင်ငံထဲမှာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ တရုတ်အစိုးရပိုင် မီဒီယာ ၅ ခုကို နိုင်ငံခြား သံရုံးတွေအတိုင်း အမေရိကန်အစိုးရက စတင် သတ်မှတ်မှာ ဖြစ်ပြီး အမေရိကန် အစိုးရထံမှာ သူတို့ရဲ့ ဝန်ထမ်းတွေ၊ ပိုင်ဆိုင်မှု အဆောက်အဦတွေကို မှတ်ပုံတင်တာတွေ လုပ်ရမယ်လို့ အမေရိကန် အစိုးရက ဆုံးဖြတ်ခဲ့အပြီး တစ်ရက်အကြာမှာပဲ တရုတ်အစိုးရရဲ့ ဒီအမိန့် ထွက်ပေါ်လာတာပါ။

အမေရိကန် အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ ဆင်ဟွာ သတင်းဌာန၊ တရုတ်ဂလိုဘယ်လ်၊ ရုပ်မြင်သံကြား ကွန်ရက်နဲ့ တရုတ်နေ့စဉ် သတင်းစာ ကော်ပိုရေးရှင်း တို့အပေါ် အကြုံးဝင်မှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်

  • တရုတ်နိုင်ငံဟာ လွတ်လပ်စွာ ရေးသားဖော်ပြခွင့်နဲ့ပတ်သက်လို့ အစဉ်တစိုက် ဝေဖန်ခံနေရပြီး နိုင်ငံခြားသား သတင်းထောက်တွေ အလုပ်လုပ်ဖို့ ခက်ခဲတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။
  • ၂၀၁၉ ခုနှစ်မှာ နယ်စည်းမခြား သတင်းထောက်များအဖွဲ့က တရုတ်နိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်မှု၊ သတင်းထောက်တွေရဲ့ လုံခြုံမှုနဲ့ လွတ်လပ်မှုတွေကို တိုင်းတာပြီး သတင်းလွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံ ၁၈၀ စာရင်းမှာ တရုတ်နိုင်ငံကို အဆင့် ၁၇၇ မှာ သတ်မှတ်ခဲ့ပါတယ်။
  • တရုတ်နိုင်ငံမှာ ပိတ်ပင်ခံထားရတဲ့ ဘီဘီစီက ၂၀၁၉ ခုနှစ်မှာ တရုတ်အပါအဝင် နိုင်ငံအစိုးရတွေရဲ့ ဆင်ဆာဖြတ်မှုကို ကျော်လွှားနိုင်ဖို့ နိုင်ငံတကာသတင်းဝက်ဆိုက်တစ်ခုကို dark web ပေါ်ကနေ တင်ခဲ့ပါတယ်။
  • ၂၀၁၃ ခုနှစ်ကတည်းကစလို့ တရုတ်နိုင်ငံထဲက နှင်ထုတ်ခံရတဲ့ ဒါမှမဟုတ် ပြည်ဝင်ခွင့်ဗီဇာသက်တမ်း ထပ်တိုးမခံရတဲ့ သတင်းထောက် ၉ ဦး ရှိတယ်လို့ တရုတ်နိုင်ငံမှာ ရှိတဲ့ နိုင်ငံခြားသတင်းထောက်များ ကလပ်အဖွဲ့က ပြောပါတယ်။

မနှစ်တုန်းက နောက် ဝေါလ်စထရိဂျာနယ် သတင်းထောက်တစ်ဦးကို တရုတ်နိုင်ငံထဲမှာ နိုင်ငံခြားသား သတင်းထောက်တွေ အလုပ်လုပ်ခွင့် သက်တမ်း တိုးခွင့် တရုတ်အစိုးရက ပယ်ချခဲ့ပါတယ်။

စင်္ကာပူနိုင်ငံသား အဲဒီ သတင်းထောက်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တစ်ဝမ်းကွဲညီအစ်ကို တော်စပ်သူ တစ်ဦး ဂိုဏ်းဖွဲ့ ရာဇဝတ်မှုနဲ့ ငွေကြေးခဝါချမှုတွေမှာ ပါဝင်ပတ်သက်နေတာအပေါ် သြစတြေးလျ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတယ် ဆိုတဲ့အကြောင်း သတင်းတပုဒ်ကို ပူးတွဲ ရေးသားခဲ့တာပါ။

၂၀၁၈ ခုနှစ်တုန်းကလည်း တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်မှာ ဝိဂါ မွတ်ဆလင်တွေနဲ့ တခြား လူနည်းစု လူမျိုးတွေ ထိန်းသိမ်းခံထားရတဲ့ အကြောင်း သတင်းရေးသားခဲ့တဲ့ BuzzFeed News သတင်းဌာနရဲ့ ဘေဂျင်းအခြေစိုက် ဌာနေအကြီးအကဲ မက်ဂါ ရာဂျာဂိုပါလန် ကို တရုတ်အစိုးရက ပြည်ဝင်ခွင့်ဗီဇာ သက်တမ်း မတိုးပေးခဲ့ပါဘူး။

ဗီဒီယို ပုံစာ, ဝူဟန် မြို့တွင်းမှာ ပိတ်မိနေသူတွ အနာဂတ် ဘာဖြစ်လာမလဲ

ဒီအတောအတွင်းမှာပဲ ဝူဟန်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး အကြောင်း ရေးသားဖော်ပြခဲ့အပြီး ပြီးခဲ့တဲ့ သီတင်းပတ်က ပျောက်ဆုံးသွားခဲ့တဲ့ တရုတ်နိုင်ငံသား သတင်းထောက် နှစ်ဦး ခုချိန်ထိ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် လူတွေကို အပြင်ပေးမထွက်ဘဲ စောင့်ကြပ်စစ်ဆေးနေတဲ့ ဝူဟန်မြို့ထဲကနေ ဖန်ဘင်နဲ့ ချန်ကီရှီ ဆိုတဲ့ အဲဒီ သတင်းထောက် နှစ်ဦးက ဗီဒီယိုတွေ၊ ဓာတ်ပုံတွေကို ပို့ပေးနေခဲ့တာ ဖြစ်ပါတယ်။